မြန့်မာ့ရိုးရာလက်ဝှေ့ပညာကျင့်စဉ်များ -၁-

By Ko Soe Gyi

Lethwei - Myanmar Boxing

Lethwei – Myanmar Boxing

– လက်သီးထိုးအားကောင်းအောင် ရေကို စတီး (သို့) သံခွက်နှစ်လုံးနှင့် နည်းမျိုးစုံသုံးပြီး ပက်တင်ပါ။

– လက်သီးထိုးချက်ပြင်းအောင် လက်ထောက်မတင် (သို့) ဒိုက်ထိုးသည့် ပုံစံအတိုင်း ကျောက်စရစ်ခဲ များ ကင်းရှင်း၍ မာကျောခြင်း မရှိသော မြေပြင်ပေါ်တွင် လက်သီးဆုပ်ဖြင့်ထောက်ပြီး ဒိုက်ထိုးပုံစံအတိုင်းနေပါ။ အသက်ကို ဖြည်းညင်းစွာ ရှူသွင်းပါ။ ထို့နောက် ရှူထုတ်လိုက်သောအခါတွင် လက်သီးနှစ်ဖက်ကို အပေါ်သို့ မြှောက်လိုက်ပါ။ တစ်နည်းအားဖြင့် ခြေထောက်ဖြင့်ခုန်သလို လက်သီးနှစ်ဖက်အားခုန်ခြင်း ဖြစ်သည်။ ထိုသို့ခုန်ရာတွင် ခြေထောက်များကို လိုက်၍မမြှောက်ရပါ။ ပုံမှန်အတိုင်း မြေပေါ်တွင် ဆန့်ထားပါ။ လက်သီးနှစ်ဖက်ကို အပေါ်သို့ မြှောက်ပင့်ခုန်လိုက် သဖြင့် ပြန်ကျသောအခါ မြေပြင်ကို အရှိန်နှင့်ကျမည်ဖြစ်သဖြင့် မှောက်ခုန်ရာတွင် ကိုယ့်ရဲ့ခံနိုင်အားကို ချိန်ဆပြီးမှသာ ပြုလုပ်ပါ။ ဤလေ့ကျင့်စဉ်ကို စတင်ပြုလုပ်ခါစတွင် (၁၀)ကြိမ်သာ ပြုလုပ်ပါ။ (၅)ရက်လုပ် တစ်ရက်နားပါ။ ဤသို့ လေ့ကျင့်၍ ရက်ပေါင်း(၃၀) ပြည့်သောအခါ (၅)ကြိမ်တိုးပါ။ (၅)ရက်လုပ် တစ်ရက်နား၊ ရက်(၃၀) ပြည့်တိုင်း (၅)ကြိမ်တိုးဖြင့် အကြိမ်ရေ(၅၀)ထိ လုပ်နိုင်အောင်လေ့ကျင့်ပါ။ သတိပြုရန်မှာ အကြိမ်(၅၀) ပြုလုပ်နိုင်သောအခါ နောက်ထပ် အကြိမ်ရေ ထပ်မတိုးပါနဲ့တော့။ “ငါလုပ်နိုင်ပါတယ်” ဆိုပြီး ဇောကြီးစွာနှင့် ထပ်မတိုးပါနဲ့။ ကိုယ်တိုင်လေ့ကျင့်ခဲ့ရ သည့် အမာပိုင်းလေ့ကျင့်စဉ်ဖြစ်သောကြောင့် မေတ္တာရပ်ခံရခြင်းဖြစ်ပါတယ်။ ငယ်စဉ်က မာန်နှင့် လုပ်နိုင်တယ်ဆိုပြီး အကြိမ်ရေများစွာလုပ်နိုင်အောင် ဆရာသမားစကား နားမထောင်ဘဲ ပြုလုပ်ခဲ့ သဖြင့် ဒုက္ခဖြစ်ခဲ့ရပါတယ်။ ဒါ့ကြောင့် အကြိမ်(၅၀)ထက် ပိုပြီးတော့မလုပ်ပါနဲ့မိတ်ဆွေ။ အကြိမ်ရေ(၅၀) လုပ်နိုင်ပြီဆိုပါက (၅)ရက်လုပ် တစ်ရက်နားဖြင့် ပုံမှန် အကြိမ်(၅၀)သာ ပြုလုပ်သွားပါ။ မိတ်ဆွေရဲ့ လက်သီးထိုးချက်များ မယုံနိုင်အောင် ပြင်းထန်လာတာကို တွေ့ရပါလိမ့်မည်။ ဤလေ့ကျင့်စဉ်သည် ရှောင်လင်ကျင့်စဉ် အမှတ်(၄၃)  ချောင်းနေသောကျား ကျင့်စဉ်နှင့် ဆင်တူသည်။ ချောင်းနေသောကျား ကျင့်စဉ်မှာမူ အဆင့်တွေ အနည်းငယ် ပိုပါသည်။

– လက်ခုံ၊ လက်ဝါး နှင့်  လက်ဝါးစောင်း အရိုက်သန်အောင် ခြေသုတ် ကြိုးခွေ၊ ခြေသုတ်အုန်းဆံခွေတို့ကို ရိုက်ကျင့်ပါ။

– ဒူးတိုက်ပိုင်နိုင်အောင် ထင်း၊ သစ်သား (လူတစ်ယောက် ချိုးနိုင်သော အရွယ်အစား) ကို လက်နှစ်ဖက်နဲ့ကိုင်၍ ချုပ်ဒူးတိုက်သည့်အတိုင်း တိုက်ချိုး၍ ကျင့်ပါ။ (ကျွန်တော့်မိဘတွေက သစ်ခွဲစက်လုပ်တဲ့သူတွေဆိုတော့ လက်ဝှေ့သင်ခါစက ဒီဒူးတိုက်တာကို စက်ထဲသွားပြီး ထင်းချောင်းလေးတွေနဲ့ ကျင့်တာပေါ့ဗျာ။ လွယ်တယ်ထင်ပေမယ့် တကယ်ကျင့်တဲ့အခါကျ မလွယ်ဘူးဗျ၊ တော်တော်ကျင့်ယူရတယ်။)

– ခြေထောက်တွေသန်အောင် ဒူးလောက်နက်သော ချောင်းရေထဲတွင် ဆန်၍ပြေးပါ။ ဒူးလောက်အနက်တွင် ပြေးနိုင်လာပါက ခါးအထိနက်သောနေရာတွင် ပြေးပါ။ ထို့နောက် ရင်စို့အနက်ထိ တိုး၍ပြေးပါ။ အကယ်၍ ကိုယ်နေထိုင်ရာနေရာမှာ ချောင်း၊ မြစ်မရှိပါက ရှိပါသော်လည်း အန္တရာယ်များပါက၊ မြေပြန့်တွင် ခြေထောက်အား အလေးပတ်၍ ပြေးခြင်း၊ တောင်တက် ၍ ပြေးခြင်းတို့အား ပြုလုပ်ပါ။

– ခန္ဓာကိုယ်ကို အရိုက်အနှက်ခံနိုင်အောင် ချောင်းရေ၊ မြစ်ရေထဲသို့ အမြင့်မှ ခန္ဓာကိုယ် အရှေ့ပိုင်း၊ နောက်ပိုင်း၊ ဘေးပိုင်းစသည်တို့နှင့် ရေနှင့်ရိုက်မိအောင် ခုန်ချပါ။ စစချင်း တစ်ပေအမြင့်မှ စကျင့်ပါ။ ခံနိုင်လာပါက တဖြည်းဖြည်းတိုး၍ ခြောက်ပေအမြင့်ကနေ ခုန်ချ၍ကျင့်ပါ။ (ရေနှင့်ကျင့်တာပဲ လွယ်တယ်လို့မထင်နဲ့မိတ်ဆွေ။ ကျွန်တော့်မိဘများ နေထိုင်ရာ ပွင့်ဖြူဆိုတဲ့ တောမြို့လေးမှာ မုန်းချောင်းရှိတယ်၊ အဲဒီမှာ ကျွန်တော် ကျင့်ခဲ့တာပေါ့။ စစကျင့်ချင်းက ရေထဲခုန်ချကျင့်တာ အလွန်စပ်တယ်ဗျ၊ နာတာထက်ဆိုးတယ်။) ရေနှင့်ခံနိုင်ရည်ရှိလာသောအခါ သဲပြင်ပေါ်သို့ပစ်ချ၍ ကျင့်ပါ၊ တစ်ပေကနေစ၍ကျင့်ပြီး၊ သုံးပေအမြင့်ထိကနေ ခုန်ပစ်ချ၍ပဲ ကျင့်ပါ။ လေးပေ၊ ငါးပေ၊ ခြောက်ပေအမြင့်တွေကနေ မလုပ်ပါနဲ့။ မရှုမလှ ခံသွားရပါလိမ့်မယ်ဗျာ။ ဒီလေ့ကျင့်စဉ်ကို ကျင့်၍ ကြာသောအခါ အရေပြားတွေထူလာပြီး တော်တန်ရုံထိုးချက်၊ ရိုက်ချက်တွေကို မဖြုံတော့ပါ။

– လက်ဖျံများ၊ ခြေသလုံးရိုးများကို သန်မာ၍ ခံနိုင်ရည်ရှိလာအောင် ပထမ သစ်ကိုင်းလေးများ စုစည်း၍ လက်ဖျံ၊ ခြေသလုံးတို့ကို ခပ်သာသာလေး ရိုက်ကျင့်ပေးပါ။ ခံနိုင်လာပါမှ အားအနည်းငယ်စီတိုး၍ ရိုက်ပါ။ အချက်သုံးဆယ်လောက် မိမိအားနဲ့ ရိုက်နိုင်လာပါက ဝါးလုံးမာမာတစ်တောင်ခန့်အရွယ်နှင့် ခပ်သာသာလှိမ့်၍ကျင့်ပါ။ တဖြည်းဖြည်းအားစိုက်ဖိလှိမ့်၍ ကျင့်ပါ။ နောက်ဆုံးအဆင့်အနေဖြင့် လွှစာ၊ သဲ၊ ကျောက်စရစ်ခဲ အနည်းငယ်တို့ ရောထားသောအိတ်အား ကန်၍ကျင့်ပါ။ (ကျွန်တော်ကတော့ နောက်ဆုံးအဆင့်ကို မကျင့်ခဲ့ရပါဘူး။ အဲဒီအစား “သံမဏိလက်သီး” ရဲ့ ခြေကန်ကျင့်နည်းကိုပဲ ကျင့်ခဲ့တာပါ။)


– ရှေးမြန်မာ့လက်ဝှေ့သမား တွေထဲမှာ သံမဏိလက်သီး ထိလိုက်တိုင်းကွဲ လို့ အမည်ရတဲ့ လက်ဝှေ့သမားကြီးတစ်ယောက်ကို ကြားဖူးကြပါသလားမိတ်ဆွေတို့။ သူ့ရဲ့ လက်သီးထိုးလေ့ကျင့်စဉ်လေးကိုပါ တစ်လက်စတည်း ဝေမျှလိုက်ပါတယ်။ သံမဏိလက်သီး ဟာ အရပ် ငါးပေနှစ်လက်မ သာရှိပြီး သူ့ခေတ်လက်ဝှေ့သမားတွေထဲမှာ လူလုံးလူဖန်သေးတဲ့ သူတစ်ယောက်ပါ။ ဒါပေမယ့် သူ့ဘဝတစ်လျှောက် ထိုးသတ်ခဲ့တဲ့ ပွဲတိုင်းမှာ ရှုံးနိမ့်ခြင်းမရှိခဲ့ပါဘူး။ သရေတစ်ပွဲသာရှိခဲ့ပြီး ကျန်တဲ့ပွဲတွေအားလုံးမှာ အပြတ်အသတ်နိုင်ခဲ့တာချည်းပါပဲ။ သူ့လက်သီးနဲ့ ထိုးလိုက်တိုင်း တစ်ဖက်ပြိုင်ဘက်ကို ဘယ်နေရာထိထိ သူ့လက်သီးချက်ထိလိုက်တဲ့နေရာတိုင်းဟာ ကွဲထွက်သွားတာချည်းပါပဲ။ ဒါ့ကြောင့်လဲ သံမဏိလက်သီး ထိလိုက်တိုင်းကွဲ ဆိုတဲ့ အမည်ရခဲ့တာပါ။ သူ့ရဲ့ ဖြတ်လက်သီးကျင့်နည်း နှင့် ခြေကန်ကျင့်နည်း ကိုလဲ အောက်မှာ ဖော်ပြပေးသွားပါမယ်။

– ငါးလက်မ၊ ခြောက်လက်မပတ်လည် တိုင်တစ်ခုတွင် အုန်းဆံဖတ် (အုန်းသီးခွံ) များအား ကိုယ့်ရဲ့ လက်သီးနှစ်ဖက်ရှေ့သို့ထိုးရန် အနေတော်အမြင့်တွင်ကပ်၍ချည်ထားပါ။ ထို့နောက် လက်ဝှေ့သမားတို့ အသင့်ပြင်ထားသည့် ပုံစံအတိုင်းနေပါ။ အသက်ရှူသွင်းလိုက်ပါ။ အသက်ကို ရှူထုတ်လိုက်သည့်အခါ လက်သီးကိုချည်ထားသည့် အုန်းဆံဖတ်သို့ ထိုးလိုက်ပါ။ ဖြောင့်လက်သီးထိုးနည်းနှင့် ထိုးရမည်။ လက်သီးနှင့် အုန်းဆံဖတ်ကိုမိမိရရထိုးမိသည့်အခိုက် လက်သီးကိုပြန်ရုပ်လိုက်ပါ။ ဤသို့ပြန်ရုပ် သည့်အခါတွင် သတိထားရမည်မှာ လက်သီးနှင့်အုန်းဆံဖတ်မိမိရရထိုးမိမှ ပြန်ရုပ်ပါ။ မထိုးမိဘဲ ပြန်မရုပ်ပါနှင့်။ တကယ်ထိုးသတ်သည့်အခါ အခက်တွေ့တတ်ပါတယ်။ မြန်ဆန်ရန် မလိုပါ။ အလေ့အကျင့်ရလာသည့်အခါ အလိုအလျောက်မြန်ဆန်လာပါလိမ့်မည်။ လောမကြီး ပါနဲ့၊ အေးဆေးစွာသာ လေ့ကျင့်ပါ။ လောကြီး၍ မြန်ဆန်စွာ လေ့ကျင့်ပါက မထိရောက်သည့်အပြင် တကယ်ထိုးသတ်သည့်အခါနှင့် လမ်းပေါ်ကရန်ပွဲများတွင် အခက်အခဲ တွေ့ရုံသာမက ဒုက္ခဖြစ်လိမ့်မည်။ ဤကဲ့သို့လေ့ကျင့်ခြင်းအား အစပိုင်းတွင် မိမိထိုးနိုင်သည့် အကြိမ်အရေအတွက်သာ ထိုးပါ။ မထိုးနိုင်သည့်အခါ ရပ်လိုက်ပါ။ စိတ်လိုက်မာန်ပါ ပြုလုပ်ပါက ဒဏ်ဖြစ်တတ်ပါသည်။ ဘယ်၊ ညာတစ်လှည့်စီ ထိုးပါ၊ ဘယ်၊ ညာနှစ်ဖက်ပေါင်း အကြိမ်ရေ(၁၀၀) ရသည်အထိ ပင်ပန်းမှုမရှိဘဲ ထိုးနိုင်အောင် လေ့ကျင့်ပါ။ (၁၀၀)ထက်ပိုပြီး အကြိမ်ရေ မတိုးပါနှင့်။

ဖြတ်လက်သီးထိုးနည်း

– ဖြတ်လက်သီးကို အနီးကပ်သတ်ပွဲများတွင် အသုံးပြုခြင်းဖြစ်သည်။ (ဥပမာ- မျက်နှာချင်းဆိုင် ရပ်၍နေသောရန်သူအား ထိုးခြင်းနှင့် ပူးကပ်လုံးထွေးနေသည့် အချိန်တို့တွင် ဖြတ်လက်သီးကို အသုံးပြုကြသည်။ ဖြတ်လက်သီးကို ဒေါင်လိုက်လက်သီး၊ ဖြောင့်လက်သီး၊ ဝိုက်လက်သီး အဆင်ပြေသလို သုံး၍ရသည်။)

– ငါးလက်မ၊ ခြောက်လက်မပတ်လည် တိုင်တစ်လုံးတွင် ပုဆိုးကို ခေါက်၍ကပ်ပြီး အပေါ်ဘက်နှင့် အောက်ဘက်တို့တွင် ကြိုးနှင့်တိုင်ကို ကပ်ချည်ထားပါ။ အသင့်ပြင်ပုံစံအတိုင်းနေပြီး မိမိညာလက်ကိုဖြန့်၍ လက်ချောင်းထိပ်ဖျားများသည် ပုဆိုးနှင့်ခပ်ဖွဖွထိနေပါစေ။ ထို့နောက် အသက်ကိုဖြည်းညင်းစွာ ရှူသွင်းလိုက်ပါ။ အသက်ရှူထုတ်သည့်အခါတွင် လက်သီးဆုပ် ၍ ဒေါင်လိုက်လက်သီးဖြင့် ထိုးထုတ်လိုက်ပါ။ ပစ်မှတ်နှင့်လက်သီး ထိမိသည့်အခါ လက်သီးကိုပြန်ရုပ်၍ ခါးတွင်ကပ်လိုက်ပါ။ ထို့နောက် ဘယ်လက်သီးဖြင့် အထက်ဖော်ပြပါအတိုင်း ထိုးပါ။ ညာ၊ ဘယ် တစ်လှည့်စီ အေးဆေးဖြည်းညင်းစွာ ထိုးကျင့်ပါ။ လက်သီးနှစ်ဖက်ပေါင်း အကြိမ်ရေ(၁၀၀) ရသည်အထိ ထိုးနိုင်အောင် ကျင့်ပါ။ ထိုသို့ အကြိမ်ရေ(၁၀၀)ထိ သက်တောင့်သက်သာ ထိုးနိုင်လာပါက ချည်ထားသည့်ပုဆိုးအား အခေါက်တစ်ခေါက်ဖြေ၍ (အဝတ်ဆိုပါက တစ်ထပ်လျှော့၍) တစ်လထိုးပါ။ နောက်ဆုံး ပုဆိုး (သို့) အဝတ်မပါပဲ ထိုးနိုင်လာသည်အထိ ကျင့်ပါ။ (ဖြတ်လက်သီးထိုးနည်း တော်တော်အသုံးဝင်ပါတယ်။ စွမ်းရည်ပြပွဲများ တွင် သစ်သားပြားကို အနီးကပ်ဆတ်ပြီး ထိုးခွဲခြင်းကို ဤဖြတ်လက်သီးထိုးနည်းကို ကောင်းမွန် စွာ လေ့ကျင့်ထားသူဟာ ပြုလုပ်နိုင်ပါတယ်။)

သံမဏိလက်သီး၏ခြေကန်လေ့ကျင့်စဉ်

– ကိုယ့်ရဲ့ ခြေဖျားကနေ ခါးအထိအမြင့်ကို တိုင်းပါ၊ နောက်ထပ် လေးပေထပ်ပေါင်းပါ။ (ကိုယ့်ရဲ့ ခြေဖျားကနေခါးအထိ အမြင့်သုံးပေရှိတယ် ဆိုပါစို့။ နောက်ထပ် လေးပေထပ်ပေါင်းပါက ခုနှစ်ပေ) ခုနှစ်ပေရှည်တဲ့ ငါးလက်မ၊ ခြောက်လက်မပတ်လည် အလုံးဖြောင့်တိုင်လုံး တစ်လုံးကို မြေကြီးထဲတွင် သုံးပေအနက် တွင်းတူး၍ စိုက်ပါ။ ဒါဆိုမြေပေါ်မှာ တိုင်ဟာလေးပေ ပေါ်နေပါလိမ့်မည်။ မြေပေါ်ပေါ်နေတဲ့ တိုင်ကို အဝတ်စများဖြင့် ငါးလက်မ အထူရအောင် ကျကျနနစည်းပါ။ ဤသို့ပြုလုပ်ပြီးပါက ခြေကန်ကျင့်ရန် ရပါပြီ။ ထိုတိုင်ရှေ့တွင် လက်ဝှေ့ခင်းသည့်ပုံစံအတိုင်း ရပ်နေပါ။ အသက်ကို ဖြေးညင်းစွာ ရှူသွင်းပါ။ ရှူထုတ်လိုက်သည့် အခါတွင် ခြေကို ပတ်ခြေကန်နည်းအတိုင်း ခြေခွင်ဖြင့် ဝိုက်ကန်လိုက်ပါ။ စစချင်းတွင် အားစိုက်၍ မကန်ပါနဲ့။ အနေတော်အားထည့်၍သာ ကန်ပါ။ ဘယ်၊ ညာတစ်ဖက်စီ ဆယ်ကြိမ်ကန်ပါ။ ထို့နောက် ခြေခုံဖြင့် ပြောင်းကန်ပါ။ ခြေခုံဖြင့် ဘယ်၊ ညာ ဆယ်ကြိမ်စီ ပတ်ခြေကန်နည်းအတိုင်း ကန်ပြီးလျှင် ခြေစောင်းဖြင့် ဘေးတိုက်ကန်နည်းအတိုင်း ကန်ပါ။ ဤသို့ကန်ခြင်း အား ခြေခွင်၊ ခြေခုံ၊ ခြေစောင်းတို့ဖြင့် ဘယ်၊ ညာတစ်ဖက်လျှင် ဆယ်ကြိမ် ကန်ကျင့်ပါ၊ သုံးလကြာလျှင် စည်းထားသော အဝတ်များအား တစ်လက်မ လျှော့လိုက်ပါ။ သုံးလပြည့်တိုင်း တစ်လက်မ စီလျှော့ရင်း နောက်ဆုံး အဝတ်များ လုံးဝမရှိတော့ဘဲ တိုင်လုံးချင်း ကန်နိုင်သည့် အဆင့်အထိရောက်အောင်ကျင့်ပါ။ ထိုအဆင့်ထိရောက်လျှင် မိတ်ဆွေရဲ့ ကန်ချက်တွေ ဟာ ကြောက်စရာကောင်းအောင် ပြင်းထန်လာပါလိမ့်မည် ဖြစ်ပါတယ်ဗျာ။ အဝတ်ငါးလက်မအထူနဲ့ သုံးလကျင့်ပြီးရင်ကိုပဲ ကန်ချက်တွေဟာ တော်တော်ပြင်းထန်နေပါပြီ။ (ကျွန်တော်ကတော့ အဝတ်ကို နှစ်လက်မထိလျှော့ပြီး သုံးလကျင့်ပြီး ခုချိန်ထိ ဤကန်နည်းကို မကျင့်ဖြစ်တော့ပါ။ တစ်ခါတစ်ရံ မြတ်စောညီနောင်အဖွဲ့က “သမထ”ဆန်သည့် ကန်နည်းကိုသာ ဆရာကြီးများကဲ့သို့ တိုင်ပေါ်တွင် မဟုတ်ဘဲ ကြမ်းပြင်ပေါ်တွင်သာ ကျင့်ဖြစ်ပါတော့တယ်။)


တွဲလုံး၊ ထိုးလုံးများ အရှိန်ကောင်းအောင် တွဲလောင်းချိတ်ထားသော ခရမ်းသီး (သို့) ကလေးကန်သည့် ဘောလုံးအရွယ် ကျစ်လျစ်စွာ လုံးထားသည့် အဝတ်လုံးများ၊ ခုခေတ်မှာဆိုရင်တော့ အားကစားဆိုင်များတွင် ဝယ်ယူနိုင်သည့် ထက်အောက် ကြိုးပါသောဘောလုံး (လက်သီးအမြန်ထိုးသည့် ဘောလုံးမဟုတ်၊ ကျွန်တော်ရန်ကုန်ရောက်တုန်း ဝယ်တုန်းကတော့ တစ်လုံးကို နှစ်သောင်းပေးရပါတယ်။ ဆိုင်လိပ်စာ လိုချင်လျှင်တော့ ပြန်ရှာပေးပါမယ်) ဆယ်လုံးကို ခြေ၊ လက်၊ တံတောင်၊ ဒူးအတွဲစုံနှင့် ထိအောင် ထိုးသတ်လေ့ကျင့်ရမည်။ ကျင့်ဖန်များလာသော် အရှိန်ကောင်းလာသလို ဟန်ချက်တွေပါ ကောင်းလာ၏။

– တွဲလုံးများ ပိုင်နိုင်လာအောင် လက်သီးနောက်က တံတောင်၊ တံတောင်နောက်က ပခုံး၊ ပခုံးနောက် ခေါင်း (ချိုစောင်း) နှင့် ဆက်တိုက်ပြီးလျှင် ဖမ်းချုပ်နည်း၊ ပင့်ဒူး၊ ဝိုက်ဒူး၊ ဒူးစုံကျင့် ထို့နောက် ခါးပေါ်ပေါက်ချ စသည်ဖြင့် တွဲလုံးများ၊ ချုပ်နည်းများ၊ ကိုင်ပေါက်နည်းများအား ကျင့်ဖက်မပါပဲ တစ်ကိုယ်တည်း အမြဲကျင့်ပါ။

– ဟန်ချက်များနှင့် ထိုးသတ်ချက်များ ပိုမိုအားကောင်းစေရန် ပထမ ခါးလောက်နက်သော ရေထဲတွင် လက်သီးထိုး၊ ခြေကန်၊ တွဲလုံးများကို ရေဆန်ကို မျက်နှာမူ၍ ကျင့်ပါ။ ရေစီးနှင့် မျောမပါသွားအောင် ကျင့်နိုင်သောအခါ ရင်ဘတ်အထိနက်သောရေတွင် ကျင့်ရမည်။ (ချောင်း၊ မြစ်မရှိလည်း ရေကူးကန်မှာ ကျင့်ပေါ့ဗျာ…၊ ဒါမှမဟုတ်ရင်လဲ ကျွန်တော်ကျင့်တဲ့နည်းလေး ပြောပါ့မယ်။ ယောဂကျင့်စဉ်တွေထဲက သစ်ပင်သဏ္ဍာန်ကျင့်စဉ် (Tree Posture) ကို အရင်ကျင့်ဗျာ။ ငါးမိနစ်လောက် နေနိုင်လာပြီဆို ဟန်ချက် တော်တော်ထိန်းနိုင်ပါတယ်။ နောက်တော့ အဲဒီအတိုင်းရပ်ပြီး လက်သီးထိုး၊ ခြေကို တစ်ဖက်ခြင်း ဒဲ့ဖနောင့်၊ ပတ်ခြေ၊ တို့ကို အားသိပ်မစိုက်ဘဲ ဖြည်းဖြည်းကျင့်ပါ။ နောက်ပိုင်းကျမှ အားထည့်ပြီး ကျင့်ပါ။


သတိပြုရန်

– တိုက်ခိုက်ရေးပညာတွေ ကျင့်တဲ့အခါမှာ အများစုက လောကြီးပြီး တတ်ချင်ဇော များတယ်ဗျ။ စိတ်မလောပါနဲ့၊ တစ်ဆင့်ချင်း ဖြည်းဖြည်းကျင့်ပါ။ နည်းတစ်ခုကိုပိုင်နိုင်လာ မှ နောက်တစ်နည်း ပြောင်းကျင့်ပါ။ နောက်တစ်ခုက အငယ်ပိုင်းကလေးတွေက ဒီပညာသင်ပြီးရင် လမ်းပေါ်မှာ အစွမ်းပြချင်သဗျ။ သင်တန်းမှာ လေ့ကျင့်ဖော်နဲ့ ကျင့်တာ၊ ပြိုင်ပွဲတွေမှာ ပြိုင်တာတွေနဲ့ လမ်းပေါ်မှာက အများကြီး ကွာတယ်ဗျ။ အကွက်ဆွဲနေလို့ မရဘူ။၊ လက်နီးလက် ခြေနီးခြေ အသုံးပြုတတ်ရမယ်။ စိတ်အေးအေးထားနိုင်ရမယ်။ အဲ့ဒီလိုမဟုတ်ဘဲ ငါတတ်တယ်ဆိုပြီး လုပ်တော့ ခံလာရတာပဲ တွေ့ရတယ်ဗျ။ အဲဒီတော့ ပိုင်နိုင်အောင်ကျင့်ပါ။ ပွဲတိုးရတော့မယ်ဆို စိတ်အေးအေးထားပါ။

– နောက်ထပ်ပြောချင်တာက အခု ကျွန်တော်အထက်က ရေးခဲ့တဲ့ နည်းစနစ်တွေသာမက တခြားသော သိုင်းပညာတွေ အကုန်ပေါ့ဗျာ၊ မလေ့ကျင့်မီ အကြောလျှော့ပါ၊ လုပ်ပြီးလျှင်လည်း အကြောလျှော့ပါ။ အကြောတွေ တင်းနေရင် ဒဏ်ဖြစ်ရုံမကဘူး၊ ပြိုင်ပွဲတွေ၊ လမ်းပေါ်က သတ်ပွဲတွေမှာပါ အခက်တွေ့မှာပါပဲ။ အဲဒါကြောင့် ရင်ဆိုင်ရတော့မယ်ဆို စိတ်ရောကိုယ်ပါ လျှော့ချပြီး ရင်ဆိုင်ပါ။

– ကျွန်တော် ပထမဆုံး သင်ခဲ့ရတာ “လက်ဝှေ့” ပါပဲ။ တွဲလုံးတွေကတော့ အစမှာ ဆရာသင်ပေးတဲ့ အတိုင်း ကျင့်ရတာပါ။ နောက်ကျဆရာက နည်းစနစ်တွေကို အမြဲပုံသေမထားရဘူးလို့ ပြောပါတယ်။ တကယ်ချပြီဆို စနစ်အတိုင်း မသွားဘဲ အလျဉ်းသင့်သလိုလုပ်လို့ ပြောခဲ့ပါတယ်။

– အထက်မှာဖော်ပြခဲ့တဲ့ လက်သီးထိုးလေ့ကျင့်စဉ်သုံးခု နဲ့ ခြေကန်လေ့ကျင့်စဉ်တို့ကို ကျွန်တော်စကျင့်ရတုန်းက တော်တော်ကို စိတ်မရှည်ခဲ့တာပါ။ ဘာလို့ဆိုတော့ ကျွန်တော့်ဆရာက စစချင်း ဆယ်ကြိမ်စီပဲထိုးခိုင်း၊ ကန်ခိုင်း၊ ငါးရက်လုပ် တစ်ရက်နားခိုင်းပေါ့။ နောက်မှ သဘောပေါက်တော့တယ်။ ငါးရက်လုပ် တစ်ရက်နားခိုင်းတာဟာ ခန္ဓာကိုယ်ကို ပြန်အားဖြည့်ခိုင်းတာပါပဲ။ နို့မို့ဆို ကားတစ်စီး ဆီပြတ်တဲ့အခါ ဖြစ်သလို လူလဲအနားမပေးရင် ကောင်းကောင်း ဒုက္ခရောက်တာပါပဲ။ အဲဒါကြောင့် မိတ်ဆွေတို့ အထက်ပါ လေ့ကျင့်စဉ်တွေသာမက အခြားသော ပညာရပ်တွေ၊ လေ့ကျင့်စဉ်တွေကိုလဲ ငါးရက်လုပ် တစ်ရက်နားပြီးတော့ ကျင့်ပါလို့ ပြောပါရစေ။ လက်သီးထိုး၊ ခြေကန်ချက်တွေ ပြင်းအောင်ကျင့်တော့ တစ်နေ့မှာ ဘယ်ဆယ်ကြိမ်၊ ညာဆယ်ကြိမ်ပဲ လုပ်ရတာဆိုတော့ အားမရဘူးပေါ့ဗျာ၊ အချိန်ကလဲ ကြာတာကိုး။ အဲဒီတော့ ဆရာမသိအောင် အိမ်ရောက်ရင် ထပ်လုပ်တာပေါ့။ ဖြစ်ချင်ဇောနဲ့ အားကိုလဲ အကုန်ထည့်လုပ်တာပေါ့။ နောက်ဆုံးရလဒ်ကတော့ ဒဏ်ဖြစ်တာပါပဲ။

– အဲဒါကြောင့် မိတ်ဆွေတို့ အထက်ဖော်ပြပါ လက်သီးထိုး၊ ခြေကန်နည်းတွေ ကျင့်တော့မယ်ဆို စစချင်း ဆယ်ကြိမ်သာ လုပ်ပါ၊ ငါးရက်လုပ် တစ်ရက်နားပြီး ပြန်လုပ်တဲ့အခါ ငါးကြိမ်စီ တိုးသွားပါ။ နောက်ဆုံး ဘယ်၊ ညာနှစ်ဖက်ပေါင်း အကြိမ်ရေ(၁၀၀)စီ လုပ်နိုင်ပြီဆို ထပ်မတိုးပါနဲ့တော့။


– အားလုံးသောမိတ်ဆွေများ ကျွန်တော်တိုက်ခိုက်ရေးပညာတွေထဲမှာ ဆရာနဲ့အသေအချာလေ့ကျင့် တာ မြန်မာ့လက်ဝှေ့ပညာ ပဲ ရှိပါတယ်။ ဒီပညာကို သင်ပေးသူ၊ နောက်ပြီး တခြားသော တိုက်ခိုက်ရေး ပညာအမျိုးအစားများအား ရှင်းလင်းသင်ကြားပေးခဲ့တဲ့ ကျွန်တော့်ဆရာနာမည်က ဦးအောင်ဝင်း ပါ။ ပွင့်ဖြူမြို့ က ဖြစ်ပါတယ်။ သိုင်းပညာနဲ့ ပတ်သက်ပြီး စာအုပ်များ၊ သူ့ရဲ့လက်ရေးနဲ့ မှတ်ထားတဲ့ နည်းစနစ်များအား ကျွန်တော့်အား အကုန်ပေးခဲ့တာပါ။

– ဗန်တိုပညာ ကိုတော့ မင်းဘူးမြို့၊ မြန်မာ့လက်ရုံးတံခွန် သိုင်းသင်တန်းမှာ သူငယ်ချင်းသုံးယောက်နဲ့ အတူ သင်ကြားခဲ့ဖူးပါတယ်။ အခြေခံခြေကွက်နဲ့ ဓါးမြှောင်သမားကို ခုခံတိုက်ခိုက်နည်း၊ အခြေခံတုတ်သိုင်းတို့အထိပဲ သင်ကြားခဲ့ရပါတယ်…

– ဆရာဦးအောင်ဝင်း က လက်ဝှေ့ပညာ နဲ့ အထက်ဖော်ပြပါ ကျင့်စဉ်တွေကို သင်ကြားပေးခဲ့ပြီး၊ ကျွန်တော့် သူငယ်ချင်းရဲ့ အဖိုး က မိုးကြိုးလက်သီး(၁၆)ချက် ဆိုတဲ့ လက်သီးထိုးနည်း၊ ဝက်အူရစ် လက်သီးထိုးနည်း၊ နှစ်ဆင့်ထိုးနည်း တို့ကို သင်ကြားပေးခဲ့ပါတယ်။ ငယ်တုန်းက သင်ခဲ့ရတာဆိုတော့ မိုးကြိုးလက်သီး(၁၆)ချက် ကို လေ့ကျင့်ခဲ့ပေမယ့် သဘောမပေါက်ခဲ့ဘူး။ ဆရာကြီးဦးစင်ချိုင် ကိုလဲ နာမည်သာသိပြီး ကျန်တဲ့အကြောင်း မသိခဲ့ရပါဘူး။ နောက်မှ ဟင်္သာတလျှပ်စစ် က ဆရာဦးကြည်ဝင်း ရဲ့ ဆောင်းပါးတွေကြောင့် သဘောပေါက်ခဲ့ရတာပါ။ နောက်များမှ ဗန်တိုလက်သိုင်းလေ့ကျင့်စဉ် နဲ့ ဗန်းမော်ကွန်ဖူးပညာစဉ် က လျှပ်စစ်လက်သီး တို့ကို ထပ်တင်ပေးပါဦးမယ်ဗျာ။

ဆက်ပါဦးမည်…


မြန့်မာ့ရိုးရာလက်ဝှေ့ပညာကျင့်စဉ်များ -၂-

1 thought on “မြန့်မာ့ရိုးရာလက်ဝှေ့ပညာကျင့်စဉ်များ -၁-

  1. Pingback: မြန့်မာ့ရိုးရာလက်ဝှေ့ပညာကျင့်စဉ်များ -၂- | Thaing Wizard

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s