သိုင်းပြောင်းပြန် ပညာစဉ်၊ သမားစဉ် ဂါရဝပြု အခမ်းအနား

ကမ္ဘောဇနန်းတွင်း ခူးခါချန့် သိုင်းပြောင်းပြန် ပင်မနာယက ဆရာကြီး ဦးမောင်လေးနှင့် ဆရာကြီး ဦးအေးနိုင် (နန်းတော်ရှေ့) တို့အား ပညာစဉ်၊ သမားစဉ် ဂါရဝပြုခြင်း အခမ်းအနား

မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမြို့နယ် (၁၉) လမ်း နန်းရှေ့မုန်တိုင် ဓမ္မာရုံ၌ မြန်မာ့ရိုးရာ သိုင်းပြောင်းပြန် ပညာစဉ် တိမ်ကောပပျောက်သွားခြင်း မရှိစေရန်၊ လက်ဆင့်ကမ်း ထိန်းသိမ်းသည့် ပညာရှင်များ ပေါ်ပေါက်လာစေရန်၊ ပညာညီအစ်ကို အချင်းချင်း စည်းလုံး ညီညွတ်စေပြီး မြန်မာ့ရိုးရာ သိုင်းပညာရပ်များ ပြန့်ပွားအောင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ခူးခါချန့် ကမ္ဘောဇ နန်းတွင်းသိုင်းပြောင်းပြန် ပင်မနာယက ဆရာကြီး ဦးမောင်လေးနှင့် ဆရာကြီး ဦးအေးနိုင် (နန်းတော်ရှေ့) တို့အား ပညာစဉ်၊ သမားစဉ် ဂါရဝပြုခြင်း အခမ်းအနားကို ၁၃၇၅ တန်ဆောင်မုန်းလဆန်း ၁ ရက် (နိုဝင်ဘာလ-၃-ရက်၊ ၂၀၁၃) က ကျင်းပသည်။

Thaing Byaung Byan Show-Mandalay-3-Nov-2013

Thaing Byaung Byan Show-Mandalay-3-Nov-2013

မန္တလေးတိုင်း အတွင်းမှ သိုင်းပြောင်းပြန်ဆရာကြီးများနှင့် သိုင်းပြောင်းပြန်သမားများ သာမက ရန်ကုန်၊ မတ္တရာ၊ တံတားဦး၊ ပြင်ဦးလွင်နှင့် အနယ်နယ်အရပ်ရပ်မှ ဆရာကြီးများနှင့် သင်တန်းသားအဖွဲ့ဝင်များ အားလုံး တက်ရောက် ပူဇော်ခဲ့ကြပါသည်။

အခမ်းအနားတွင် သိုင်းပြောင်းပြန် ပညာစဉ် ပူဇော်ပွဲဖြစ်မြောက်ရေး နာယက ဦးသန်းမောင်က အဖွင့်အမှာစကား ပြောကြားပြီး ရန်ကုန်သိုင်းပြောင်းပြန် ပင်မဦးစီးမှ ဆရာဦးသိန်းအေးက ခူးခါချန့် ကမ္ဘောဇနန်းတွင်း သိုင်းပြောင်းပြန် နာယက ဆရာကြီးများ၏ ပညာစဉ်နှင့် ဆောင်ရွက်ချက်များကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် ဆရာဦးကျော်ဆောင်းက မန္တလေးတိုင်း ဒေသကြီး ကိုယ်စားပြု သိုင်းပြောင်းပြန်အဖွဲ့၏ လှုပ်ရှား ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ သိုင်းပြောင်းပြန် ပညာစဉ်များကို သိုင်းပြောင်းပြန် အဖွဲ့အသီးသီး၏ ဆရာများနှင့် တပည့်များက တစ်ဦးချင်း၊ အဖွဲ့လိုက် သိုင်းစွမ်းရည်များ ပြသကာ သိုင်းပြောင်းပြန် ပညာစဉ်ပူဇော်ပွဲ ဖြစ်မြောက်ရေး အဖွဲ့ ဥက္ကဋ္ဌ ဆရာဦးဝင်းဌေးက ကျေးဇူးတင်စကား ပြောကြားသည်။ သိုင်းပြောင်းပြန် ပညာရပ်တွင် ဗန်တိုခေါ် လက်နက်မဲ့ တိုက်ခိုက်နည်းပညာ၊ ဗန်ရှည်ခေါ် လက်နက်ဖြင့် တိုက်ခိုက်နည်းပညာများ ပါဝင်သည်။ လက်နက်ဖြင့် တိုက်ခိုက်နည်းတွင် လက်နက် အတို၊ အရှည်နှစ်မျိုးစလုံးကို ကျွမ်းကျင်စွာ အသုံးချနိုင်ရန် သင်ကြားပေးသော ဘာသာရပ်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် ဧည့်သည်တော်များအား ဒံပေါက်ထမင်းနှင့် ကြက်သားဟင်းဖြင့် တည်ခင်းဧည့်ခံကာ အခမ်းအနားအား အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

Continue reading

ကျန်းမာရေးနှင့် ဝူရှူးပညာ

By Ko Yan Lin

(ခုတစ်လော ebook အသစ်တွေ မတင်နိုင်သေးတာနဲ့ ဆောင်းပါးလေးတွေပဲ တင်ပေးဖြစ်နေတယ်ဗျာ။ ဒီကနေ့တော့ ကိုရန်လင်း ရေးခဲ့တဲ့ ကျန်းမာရေးနှင့် ဝူရှူးပညာ ဆိုတဲ့ ဆောင်းပါးလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ရေးထားတာတော့ ကြာပါပြီ။ ၂၀၁၁ တုန်းက ning website တစ်ခုမှာ ဖတ်ဖူးခဲ့တာပါ။ ကိုရန်လင်းဆီမှာ Thaing Wizard မှာ ပြန်တင်ဦးမယ်လို့ ခွင့်တောင်းထားတာတောင် အတော်ကြာပါပြီ။  တင်မယ်၊ တင်မယ်နဲ့ ခုမှပဲ လုပ်ဖြစ်တော့တယ်ဗျာ။ ဒီဆောင်းပါးလေးကို နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။)

ကျန်းမာရေးနှင့် ဝူရှူးပညာ
Wushu For Health

Wushu For Health

– ဒီပို့စ်လေးကိုရေးရတာလည်း   သူငယ်ချင်းများ ဝူရှူးပညာနှင့် ကျန်းမာရေးကို ပျော်ရွှင်စွာ လေ့လာ လိုက်စားပြီး အသက်ရှည်ကာ အနာကင်းစေဖို့ ရည်ရွယ်ချက်နဲ့ပါ။ ဝူရှူးပညာဟာ လူပျင်းတို့ လေ့ကျင့်လို့မရတဲ့ပညာမျိုးပါ။ အင်အားသည် ကွန်ဖူး၏ရေသောက်မြစ် အင်အားမဲ့သော သိုင်းပညာသည် ဟန်ရေးပြပဲရှိပါမည်။ ဝူရှူးလေ့ကျင်ခြင်းသည် အင်အားနှင့် လျှင်မြန်ကျွမ်းကျင်မှုကို တိုးမြှင့်ပေးခြင်းဖြစ်သည်ဟု ကွန်ဖူးဘုရင် လီရှောင်လုံ (Bruce Lee) က ပြောခဲ့ပါသည်။

– ဝူရှူးဆိုတာကတော့ ကိုယ်ခံပညာရပ်အားလုံးကို ပြောတာပါ။ တိုက်ခိုက်ရေး အတတ်ပညာလို့ အဓိပ္ပာယ်ရပါတယ်။ ဒါပေမယ့် တိုက်ခိုက်ရေးအတွက်သက်သက်လည်း မဟုတ်ပါဘူး။ လေ့ကျင့်ခန်းရဲ့ လှုပ်ရှားမှုက ကျန်းမာရေးကို အထောက်အကူပြုစေပါတယ်။

– တရုတ်ကွန်ဖူးကိုမှ ဝူရှူးပညာလို့ ပြောတာမဟုတ်ပါဘူး အားလုံးသော ကိုယ်ခံပညာရပ်များကိုပြော တာပါ။ ကိုယ်ခံပညာဆိုတာလည်း ကိုယ်ခံရတာသက်သက်တော့ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ရဲ့ ခံတပ်ဖြစ်တဲ့ပညာရပ်ပါ။

– ဝူရှူးမှာ အပျော့နဲ့ အမာဆိုပြီးရှိပါတယ်။ အမာဆိုတာကတော့ ပြင်ပအားသုံး  တိုက်ခိုက်ရေးပညာ များဖြစ်ပြီး အပျော့ဆိုတာကတော့ ချိ (အတွင်းအား) ကိုပြောတာပါ။ ဥပမာ- မြန်မာ့လက်ဝှေ့တို့ ကရာတေးဒိုတို့ဟာ အမာသိုင်းများပါ။   ထိုက်ကျိချွမ်၊ ရှင်းယီ၊ ပါးကွ တို့ကတော့ အပျော့သိုင်းမျိုးများပါ။ အပျော့နဲ့ အမာဟာ အဖို၊ အမဓါတ်ဖြစ်ပြီး တွဲနေမှလည်း သဘာဝကျပါတယ်။ ကွဲနေရင်   မပြီးပြည့်စုံပါဘူး။ အမာသိုင်းသက်သက် လေ့ကျင့်ပြီး အပျော့ဓါတ်နည်းနည်းမှ မပါရင် ကြာလာတဲ့အခါ ကိုယ်လက်နာကျင်ပြီး ဒဏ်ပြန်ထတာမျိုး ခံစားရတတ်ပါတယ်။ ဥပမာ- ကျွန်တော်တို့မြင်တွေ့နေရ တဲ့ မြန်မာလက်ဝှေ့သမားဟောင်းကြီးများ အိုလာတဲ့အခါ ကိုယ်တွေလက်တွေနာတယ်လို့ မကြာခဏပြောတာကြားရသလိုပါ။ တစ်ချို့ တရားထိုင်ပြီး အပျော့ဓါတ် ရရှိသူတွေတော့ ကျန်းမာကြပါတယ်။ ပထမဦးစွာ ချိ (အတွင်းအား) လေ့ကျင့်နည်းကို ကျနော်သိသလောက်ပြန်တင်ပြ ပါ့မယ်။

အဆင့်(၁) ခန္ဓာကိုယ် ပြန်လည်ကျန်းမာခြင်း လေ့ကျင့်စဉ်

– ဒီလေ့ကျင့်ခန်းကို တရုတ်လို ခမ်းဖုကုန်းလို့ခေါ်ပါတယ်။ ငယ်စဉ်ကရှိခဲ့တဲ့ ချိ (အသက်စောင့်ဓါတ်) ဟာ အသက်အရွယ် ကြီးလာတဲ့အခါ တဖြေးဖြေးချင်း လျော့နည်းလာပြီး ကျင်းလုလို့ခေါ်တဲ့ ချိဓါတ်သွားရာလမ်းကြောင်း ပျောက်ကွယ်လာတတ်ပါတယ်။ ဒီလေ့ကျင့်စဉ်က  ချိဓါတ်သွားရာ လမ်းကြောင်းပြန်ဖွင့်ပေးတဲ့ လေ့ကျင့်ခန်းပါ။ မတ်တပ်ရပ်လျက်ဖြစ်စေ ထိုင်ခုံပေါ်မှာ ထိုင်ပြီး ဖြစ်စေ လေ့ကျင့်နိုင်ပါတယ်။

– ရှေးဦးစွာ မျက်လုံးမှိတ်ပြီး အသက်ကို ဖြေးဖြေးမှန်မှန်ရှူပါ။ စိတ်ထဲမှ မိမိခန္ဓာကိုယ်တစ်ခုလုံးရှိ ပိုက်ကွန်ယက်ပုံ အတွင်းအားသွားရာ လမ်းကြောင်းကိုပုံဖေါ်ပါ။ အသက်ရှူသွင်းချိန် မှာ ခြေဖဝါးအလယ်ရှိ ယုံချွမ်သွေးပေါက်မှ ငယ်ထိပ်ရှိ ပိုင်ဝှေးသွေးပေါက်သို့  လမ်းကြောင်းအတိုင်း ရွှေဝါရောင်အတွင်းအားအဖြစ် စီးဆင်းပေးပါ။ ရှူထုတ်ချိန်မှာတော့ ငယ်ထိပ်ကနေ ခြေဖဝါးကို ပြန်စီးဆင်းပေးပါ။ တစ်ခေါက်လျှင် ၁၀-ကြိမ်မှ အကြိမ်-၁၀၀ အတွင်း တစ်နေ့-၃-ခေါက် မှန်မှန်လေ့ကျင့်ပါက ၁-လခွဲမှ ၃-လအတွင်း ကျန်းမာရေး သိသိသာသာ ကောင်းမွန်တိုးတက်လာပြီး သာမန်ထက် ပိုမိုလန်းဆန်းလာမှာပါ။ (မှတ်ချက်…  ဆေးလိပ်ရှောင်နိုင်လျှင် ပိုကောင်းပါသည်)။

အဆင့်(၂) ချိ (အတွင်းအား) စုစည်းခြင်းကျင့်စဉ်

– ဒီလေ့ကျင့်ခန်းကိုတော့ တရုတ်လို ချိကုန်းလို့ ခေါ်ပါတယ်။ စင်္ကြာဝဠာနဲ့ ပထဝီရဲ့အားကို စိတ်နဲ့ညှို့ယူတဲ့လေ့ကျင့်စဉ်ပါ။ စိတ်တည်ငြိမ်ပြီး လေ့ကျင့်မှုအားကောင်းရင် ၁-နှစ်ကျော် ကာလအတွင်း သိသာလာပါလိမ့်မယ်။ သက်တောင့်သက်သာထိုင်ပြီး လေ့ကျင့်နိုင်ပါတယ်။  မျက်လုံးမှိတ်ပြီး စိတ်တည်ငြိမ်စွာ လေ့ကျင့်နိင်လျှင် ပိုကောင်းပါတယ်။ လေ့ကျင့်စဉ်အချိန်မှာ ပူပင်မှုတွေကို အားလုံးမေ့ပျောက်နေစေရပါမယ်။ အသက်ရှူသွင်းနေစဉ် စင်္ကြာဝဠာမှ အတွင်းအားနှင့် ကမ္ဘာမြေမှ ပထဝီအတွင်းအားတို့သည် ဝင်လေနှင့်အတူ ခန္ဓာကိုယ်အတွင်း စီးဝင်လာပြီး ချက်အောက်လက်-၂-လုံးခန့်အကွာအဝေးရှိ ထျန်းကျင်သွေးပေါက်မှာ စုစည်းပေးပါ။ ပြန်ပြီးရှူထုတ်စဉ် ခန္ဓာကိုယ်အတွင်းရှိ မကောင်းသော အညစ်အကြေးများ လေနှင့်အတူ ပါသွားစေရပါသည်။ စိတ်တန်ခိုးသုံးလေ့ကျင့်စဉ်ဖြစ်သဖြင့် စိတ်တည်ငြိမ်ပြီး လေ့ကျင့်အား ကောင်းလျှင်ကောင်းသလို အကျိုးရှိပါသည်။ လေ့ကျင့်ရင်း ချက်အောက်နေရာမှ ပူလာမှန်းသိပါက မိမိမှာရှိသောချိဓါတ် သည် သေချာပြီဖြစ်ကြောင်း သိလာရပါမည်။

အဆင့်(၃) ခန္ဓာကိုယ်အနှံ့ အတွင်းအား ဖြန့်လွှတ်ခြင်း လေ့ကျင့်စဉ်

– ချက်အောက်မှအတွင်းအားရှိလာပါက ဆီးခုံနှင့်မူလနေရာ ဖြေးဖြေးချင်း အသွားအပြန်ပို့လွှတ်ပေးပါ။ ရက်အနည်းငယ်ကြာလို့ အောင်မြင်လာပါက မြီးညှောင့်ရိုးအထက်ရှိ ဝေလွီသွေးပေါက် သို့ ရောက်အောင်ထပ်ပြီး ကျင့်ရပါမည်။ တစ်နေရာကို သေသေချာချာရောက်မှ အဆင့်တက်ရပါမည်။ ရပါက ဆက်လက်ပြီး အခြားသွေးပေါက်များဖြစ်သည့် ကျော၊ လည်ကုတ်၊ နောက်စေ့အောက်၊ ငယ်ထိပ်၊ မျက်ခုံးကြား၊ မေးစေ့၊ လည်ပင်း၊ ရင်ဘတ်အထက်၊ ရင်ဘတ်အလယ်၊ အရှိုက် တို့အထိ ပို့ဆောင်ပေးရပါမည်။ နောက်ဆုံး မူလနေရာအထိ ရောက်ပါက လေ့ကျင့်မှု ပထမအဆင့်အောင်မြင်ပါပြီ။ ဒီအတိုင်း အသွားအပြန်ရအောင် လနဲ့ချီကျင့်နေရပါမည်။ မည်သည့်အချိန်မဆို အတွင်းအားထုတ်ပြီး ရွေ့လျားနိုင်မှ လေ့ကျင့်ခန်းနောက်တစ်ခုကို ဆက်ရပါမည်။ ပုခုံးရှိ(ကျင်ကျန်)သွေးပေါက်၊ လက်မောင်း(ချွီးချီ)၊ လက်ဖျံ(လေ့ကွမ်း) နှင့် လက်ဖဝါးရှိ(လောက်ကုန်း)သွေးပေါက်တို့အထိ ပို့ဆောင်ပေးရပါမည်။ လက်ဖဝါးအထိပို့နိုင်ပြီဆိုပါက အပေါ်ပိုင်းခန္ဓာကိုယ်အတွက် အောင်မြင်ပါပြီ။ ဝဋ်နာကံနာမှလွဲ၍ တော်ရုံတန်ရုံရောဂါသည်များအား အတွင်းအားပြောင်းအားလွှဲနည်းဖြင့် ကုသပေးနိုင်ပါလိမ့်မည်။

– ကုသပေးနည်းမှာ လက်ဖဝါးမှ အတွင်းအားကို ဝေနာရှင်အား ဝမ်းဗိုက်မှ ပို့လွှတ်ရပါသည်။ မိမိစိတ်နှင့်လည်း ခန္ဓာကိုယ်အနှံ့ ပို့လွှတ်ပေးပါ။ သို့ပေမယ့် အသားချင်းမထိပါစေနှင့်။ ထိမိက ဝေဒနာရှင်မှာ သာမန်လူဖြစ်၍ အတွင်းအားကို တစ်နေရာတည်းမှာ ချက်ချင်း အလုံးအရင်းလိုက် လက်ခံရသောအခါ ရောဂါမပျောက်ဘဲ ဆရာဝန်တို့ ၆-နှစ်လောက် ကုလို့မပျောက်တဲ့ အတွင်းဒဏ်ရာ ရတတ်ပါသည်။ ဒါကတော့ ကျွန်တော်ကြားဖူးတာပါ။

– ကျွန်တော်အားတဲ့အခါ တိုက်ခိုက်ရေးသုံးအတွင်းအားလေ့ကျင့်နည်းကိုလည်း မျှဝေဖို့ဆန္ဒရှိပါသည်။
စာရိုက်မကျွမ်းသောကြောင့် ဒီဘလော့ကိုတောင် ၂-ရက် ရေးခဲ့ရပါသည်။ စာအုပ်ကြည့်ခိုးချခြင်း မဟုတ်သည့်အတွက် စာလုံးပေါင်းသတ်ပုံနှင့် စာစီမကျခြင်းများကိုတော့ နားလည်ပေးပါ။ မှားနေတဲ့နေရာရှိပါကလည်း အားမနာစတမ်းထောက်ပြခဲ့ကြဖို့ တောင်းဆိုပါတယ်။ ကျွန်တော်တို့မှာ အမေဘက်ကပါတဲ့ မျိုးရိုးလိုက်ဆရာဝန်ကုလို့ မပျောက်တဲ့ရောဂါရှိပါတယ်။ ကျွန်တော်ခံရမခံရ ဆိုတာတော့ မသေချာပါဘူး။

– အဲဒီရောဂါဖြစ်လာခဲ့ရင်တောင် သာမန်လူတစ်ယောက်လောက် ရပ်တည်နိုင်အောင် ဒီပညာကို ကျွန်တော်ငယ်ငယ်တည်းက အသည်းစွဲခဲ့တာပါ။


– ဒါပေမယ့် ခက်ခက်ခဲခဲ ဆရာရှာခဲ့ရပါတယ်။ ကျွန်တော့်လို ဝါသနာပါသူများ ကျွန်တော့်လို ဆရာရှာမခက်ကြဖို့မျှော်လင့်ပါတယ်။ မိမိပညာ ကြောင်လက်သည်ဖွက် လျှို့ဝှက်တစ်ကိုယ်ကောင်း ဆန်ပြီး ပညာကို သေရွာယူမသွားချင်လို့ကတစ်ကြောင်း၊  ပြီးတော့ ဆရာတော်ဦးသုမင်္ဂလရဲ့ ဆုံးမစကားလို ပညာကိုရောင်းစားတဲ့ ပညာသည် မဖြစ်စေဘဲ မိမိပညာကို ရှင်သန်နေစေတဲ့ ပညာရှင်တစ်ယောက် ဖြစ်ဖို့ကြိုးစားနေခြင်းကတစ်ကြောင်းတို့ကြောင့် စာရိုက်မကျွမ်းသည့်ကြားက လက်ညောင်းခံ အချိန်ကုန်ခံ မျှဝေပေးတဲ့ ကျွန်တော့်စေတနာကို ဝါသနာရှင်များ နားလည်လက်ခံရင် ကျွန်တော်ရေးရကျိုးနပ်ပါပြီ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ရန်လင်း


Downloadအထက်ဖော်ပြပါ ကျန်းမာရေးနှင့် ဝူရှူးပညာ ဆောင်းပါကို ebook အနေဖြင့် သိမ်းဆည်းဖတ်ရှုလိုပါက ဒီနေရာ မှာ Download ဆွဲပြီး ကူယူနိုင်ပါကြောင်း…

ထိုက်ကျိသမိုင်းအကျဉ်း

By Ko Wi

ထိုက်ကျိသမိုင်းကြောင်းစာအုပ်လေးဖြစ်ပါတယ်။ ရေးသားသူကတော့ ကိုဝိ ပါ။ Facebook ပေါ်က Thaing Wizard group လေးထဲမှာ အခန်းဆက် ဆောင်းပါးအနေနဲ့ ရေးသားခဲ့တာတွေကို ပြန်စုပြီး စာအုပ်လုပ်ထားတာပါ။ အားလုံးပေါင်း ဆောင်းပါး ၉-ပုဒ် ထည့်ထားပါတယ်။

Tai Chi History

Tai Chi History

သမိုင်းဝင်ထိုက်ကျိဆရာများအကြောင်းကို စိတ်ဝင်စားဖွယ် ဖော်ပြထားတာမို့ ဖတ်ကြည့်သင့်တဲ့ စာအုပ်လေးဖြစ်ပါတယ်။

ပါဝင်တဲ့ဆောင်းပါးတွေကတော့…
(၁) ဒဏ္ဍာရီထဲက ဆရာကျန်း၊
(၂) တီထွင်သူ ဆရာချန်း
(၃) သီအိုရီ ဆရာဝမ်
(၄) သမိုင်းသစ်ရေးသူ ဆရာချန်း
(၅) ထိုက်ကျိရူးလေး ယန်လူချန်း
(၆) အရံှုးမဲ့သိုင်းသမား ဆရာယန်
(၇) ဆရာများတဲ့ ဆရာဝူ
(၈) အနှေးသမား ဆရာဝူ
(၉) စွယ်စုံရ ဆရာဆန်း ဆိုပြီး ပါဝင်ပါတယ်။

ထိုက်ကျိရဲ့ ဖခင်ကြီးလို့ သမုတ်ခံရတဲ့ ကျန်းစန်းဖုန်းမှ အစပြု၍ အထင်ကရ ထိုက်ကျိသိုင်းဆရာကြီးများရဲ့ ပညာဆည်းပူးခဲ့ရပုံတွေ၊ တီထွင်ဆန်းသစ်ခဲ့ရပုံတွေ၊ လက်ဆင့်ကမ်းခဲ့ရပုံတွေ သာမက ပညာစမ်းခံရပုံတွေကိုပါ လေးစားအားကျဖွယ် ဖော်ပြပေး ထားပါတယ်။

Download

ဆရာ ကိုဝိ ရဲ့ ထိုက်ကျိသမိုင်းအကျဉ်းစာအုပ်ကို ဒီနေရာ မှာ Download ဆွဲနိုင်ပါပြီ။

လှချင်သူများအတွက် Mini Home Workout

ခုတစ်လော မအားတာကြောင့် အသစ်တွေ မတင်နိုင်ခဲ့တာ သည်းခံကြပါဦးဗျာ။ လုပ်လက်စတွေတော့ရှိတယ်။ ဒါပေမယ့် အကုန်လုံးက ဟိုတစ်ပိုင်း၊ ဒီတစ်ပိုင်းတွေ လတ်စမသတ်ရသေးတာတွေ ဖြစ်နေတယ်။ လမကုန်ခင်တော့ အသစ်တင်ဖြစ်အောင် တင်ဖို့ အားခဲထားပါတယ်။ ဒီနေ့မနက် Thaing Wizard ကိုဝင်ကြည့်တော့ ကာယဗလစာအုပ်တွေ တင်ပေးထားတဲ့ နေရာမှာ မေးထားတဲ့ မေးခွန်းလေးတစ်ခု ကိုတွေ့ပြီး စိတ်ကူးပေါက်တာနဲ့ ဒါလေးကို တင်ပေးလိုက်တယ်။ သိုင်းအကြောင်းမဟုတ်ဘူး ဆိုပြီးတော့ ရွှေစိတ်တော် မကွက်ကြပါနဲ့နော်။ သိုင်းအကြောင်းတွေလည်း တင်နိုင်အောင် လုပ်နေပါတယ်။

Never Give Up!

လှချင်သူများအတွက်  တစ်နေ့ကို ၁၅ -မိနစ် ကစားရုံနဲ့ အဟုတ်ထူးမယ့် Mini Home Workout

အိမ်နေရင်းအလွယ်တကူကစားနိုင်တဲ့ ကိရိယာလွတ် ကစားနည်းတွေပါ။ ကစားရလွယ်အောင် ပုံလေးတွေနဲ့ သေချာပြထားပေးပါတယ်။ တစ်နေ့ကို ၁၅-မိနစ်နှုန်းနဲ့ ၁-ပတ်ကို ၃-ရက်ကစားပေးရပါမယ်။

Mini Home Workout

Mini Home Workout For All

ပိန်သောသူများအတွက် ဆေးညွှန်း
High Intensity + Low Volume (6-10 reps x 3 sets)
ပြင်းအားများများဖြင့် ၆-ကြိမ်မှ ၁၀-ကြိမ်အတွင်း ၃-ကျော့တိတိ ကစားပေးရန်

ဝသောသူများအတွက် ဆေးညွှန်း
Low Intensity + High Volume (8-12 reps x 4 sets)
ပြင်းအားနည်းနည်းဖြင့် ၈ကြိမ်မှ ၁၂-ကြိမ်အတွင်း ၄-ကျော့တိတိ ကစားပေးရန်

လှပြီးသားသူများအတွက် ဆေးညွှန်း
Medium Intensity + Medium Volume (8-10 reps x 3 sets)
မယုတ်မလွတ် အတန်အသင့် အားသုံးပြီး ၈-ကြိမ်မှ ၁၀-ကြိမ်အတွင်း ၃-ကျော့တိတိ ကစားပေးရန်

– ပိန်သူတွေလည်း ဝဖြိုးအလှတိုးရအောင်၊ ဝသူတွေလည်း အဆီကျပြီးလှရအောင်၊ လှပြီးသားသူတွေလည်း တိုးပြီးလှရအောင် လေ့ကျင့်ခန်းလုပ်ကြပါလို့ တိုက်တွန်းပါတယ်ဗျာ။ ဖော်ပြခဲ့တဲ့ လေကျင့်ခန်း ၉-မျိုးဟာ အိမ်နေရင်းအလွယ်တကူ လုပ်နိုင်ပါတယ်။ အထွေအထူး ကိရိယာရှိစရာလည်း မလိုအပ်ပါဘူး။ Gym မသွားနိုင်သူ ကိုကိုမမတွေအတွက် အထူးစီမံထားတာပါ။

– ပိန်တဲ့သူများရော ဝတဲ့သူများပါ ကစားနိုင်ပါတယ်။ ပိန်တဲ့သူများကစားတဲ့အခါ ထုထည်တက်အောင် တတ်နိုင်သမျှ ဖြည်ဖြည်းနဲ့ အားအပြည့်စိုက်ပြီး ကစားပေးရပါတယ်။ အကြိမ်ရေတော့ များစရာမလိုပါဘူး။ ဝတဲ့သူများ အဆီကျရန် ကစားတဲ့အခါ အားများများ စိုက်စရာမလိုဘဲ မြန်မြန်သွက်သွက် ကစားပေးရပါမယ်။ ဒါပေမယ့် အကြိမ်ရေများများ ကစားပေးဖို့တော့ လိုလိမ့်မယ်နော့။

– အမှန်က တစ်ကယ်ဆို ကစားနည်းတွေ အများကြီးရယ်။ ကျွန်တော်ကလည်း အချိန်မရတာမို့ အလွယ်တကူ ၉-မျိုးကို ချပေးလိုက်တာပါ။ ဒါလေးက ၂-လ၊ ၃-လလောက်တော့ ကစားလို့ အဆင်ပြေပါတယ်။ ဒါပေမယ့် အဲ့ဒီကာလကျော်သွားတဲ့ အခါကျရင်တော့ ကစားနည်းကို နည်းနည်းပြောင်းလဲဖို့ လိုပါလိမ့်မယ်။ ပုံစံတစ်မျိုးတည်းကို မပြောင်းမလဲ ရေရှည်ကစားသူများမှာ တိုးတက်မှု ရပ်တန့်သွားတတ်ကြတာမို့ပါ။

Downloadဖော်ပြပါ ကစားနည်းကို စာအုပ်အနေနဲ့ သိမ်းဆည်းထားလိုပါက ဒီမှာ Download ဆွဲလို့ရပါပြီ။ လိုအပ်တာများရှိရင် အကြံပေးနိုင်သလို သိချင်တာများလည်း မေးနိုင်ပါတယ်။

သေနတ်မှာမောင်းပြန်၊ သိုင်းမှာပြောင်းပြန်

သိုင်းပြောင်းပြန်ကို စိတ်ဝင်စားသူများအတွက် လာပါပြီ ဒီမှာ…

သိုင်းပညာမှာ အမျိုးအစား သုံးမျိုးခွဲလို့ရတယ်။ အကသိုင်း၊ အပြသိုင်းနဲ့ အချသိုင်း လို့ ဖြစ်တယ်။ ပြောင်းပြန်က အချသိုင်းဖြစ်တယ်။ ကြမ်းတယ်၊ ရမ်းတယ်၊ လုပ်ရင် အပြတ်လုပ်တယ်။ အဲ… ကြည့်လို့တော့ မလှဘူး။ အဲဒါပြောင်းပြန်ပဲ… သေနတ်မှာ မောင်းပြန်၊ သိုင်းမှာ ပြောင်းပြန်၊ ပြောင်းပြန်ကို တောင်းပန်ရင် တောင်းပန်၊ မတောင်းပန်ရင် နှာခေါင်းလန်မဟေ့… လို့ စာချိုးယူရတဲ့ ပညာရပ်ဖြစ်ပါတယ်။

ပြောင်းပြန်ပညာ၊ သို့မဟုတ်၊ သိုင်းပြောင်းပြန်ပညာကို မြန်မာပြည် (ပြည်မ) တွင် စတင်ပို့ချသွားသူမှာ ဆရာကြီး ဦးမောင်လေး၏ ဆရာ၊ ဆရာကြီး ဦးချယ်၊ သို့မဟုတ်၊ ရှမ်းအမျိုးသား သိုင်းဆရာကြီး ဆရာချယ် ဖြစ်ပါသည်။ ဆရာကြီး ဦးချယ်သည် ရှမ်းပြည်မှ ဆင်းလာသူ သိုင်းဆရာကြီး ဖြစ်သော်လည်း မည်သည့်မြို့ရွာတွင် နေထိုင်ခဲ့ကြောင်း၊ မည်သည့် စော်ဘွားထံတွင် အမှုထမ်းခဲ့ကြောင်းကား ဆရာကြီး ဦးမောင်လေး ကိုယ်တိုင်ပင် မသိခဲ့ရပေ။

ထို့ကြောင့် ဆရာကြီး ဦးချယ်တွင် သင်ဆရာရှိသည်၊ မရှိသည်ကိုလည်း မသိရ၊ ဆရာကြီး ဦးချယ်သည် ဤ သိုင်းပြောင်းပြန်ပညာကို တီထွင်ခဲ့သူလော၊ တီထွင်သော ဆရာ တစ်စုံတစ်ယောက်ထံမှ သင်ယူခဲ့ခြင်းလော ဆိုသည်ကို ယနေအထိ မသိရပါ။ ဆရာကြီး ဦးချယ်သည် (၁) ဆရာကြီး ဦးမောင်လေး၊ (၂) ဆရာကြီး ဦးလုံ (၃) ဆရာကြီး သောမ (ခေါ်) ဦးရွှေလှတို့ သုံးယောက်ကို ပညာသင်ပေးသွားခဲ့သည်။  ဆရာကြီး ဦးလုံနှင့်၊ ဦးသောမတို့သည် တပည့် မမွေးပါ။

ဆရာကြီး ဦးမောင်လေးသည် သိုင်းပြောင်းပြန်ပညာကို ၁၆ နှစ်သားတွင် စတင်သင်ယူခဲ့၍၊ ၁၉ နှစ်သားတွင် ဆရာဖြစ်ယူခဲ့ပါသည်။ ၁၂၈၀ ခုနှစ်မှစ၍ မြန်မာပြည်အနှံ့ သိုင်းပြောင်းပြန်ပညာကို ဖြန့်ဖြူးခဲ့ပါသည်။ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရန်ကုန်ပင်မတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ် (ကြည်မြင်တိုင်နယ်မြေ)၊ ရန်ကုန်တက္ကသိုလ် (ဗိုလ်တထောင်နယ်မြေ)၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှင့် ကျောင်းသားလူငယ်၊ အလုပ်သမားများစွာတို့ကို သင်ကြားပို့ချခဲ့ပါသည်။

လက်ရှိမှာတော့ ဆရာကြီး ဦးမောင်လေး မရှိတော့ပါ။ သို့သော်လည်း ဆရာကြီး ဦးအောင်သိန်း (သန်လျင်) မှ သိုင်းပြောင်းပြန် ပင်မဦးစီးဆရာကြီးအနေဖြင့် သိုင်းပြောင်းပြန်ပညာများ ဆက်လက်ပြန့်ပွားရေး အတွက် လုပ်ဆောင်နေပါတယ်။

ကဲ… သိုင်းပြောင်းပြန်ကို စိတ်ဝင်စားသွားကြပြီလား။ အဲ့ဒီအတွက်တော့ အောက်မှာ သိုင်းပြောင်းပြန်နဲ့ ပတ်သတ်တဲ့ စာအုပ်အချို့ကို တင်ပေးထားပါတယ်။ Download ရယူနိုင်ပါပြီဗျာ…


၁။ သိုင်းပြောင်းပြန် ပြောင်းပြန်မောင်လေး
By အမျိုးသားစာပေဆုရ စာရေးဆရာ ပွင့်လန်း (သတ္တုတွင်း)

Thaing Byaung Byan Byaung Byan Maung Lay

သိုင်းပြောင်းပြန် ပြောင်းပြန်မောင်လေး (ပွင့်လန်း – သတ္တုတွင်း)

Download(File Size – 13.2 MB)

သိုင်းပြောင်းပြန်ဆရာကြီး ဦးမောင်လေး၏ အတ္ထုပ္ပတ္တိစာအုပ်၊ အလွန်ကောင်းသော စာအုပ်ဖြစ်သည်။ အတ္ထုပ္ပတ္တိစာအုပ်ဖြစ်သော်လည်း ဝတ္တုအသွင်ဖြင့် ရေးသားထားသဖြင့် မပျင်းမရိ တစ်ထိုင်တည်းဖြင့် ဖတ်ချင်စဖွယ်ဖြစ်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။

ဤစာအုပ်ကို khtnetpc.webs.com မှ ebook ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပါသည်။


၂။ ကမ္ဗောဇနန်းတွင်းခူးခါချန့် သိုင်းပြောင်းပြန်လက်သိုင်း [ပထမတွဲ]
By ဆရာကြီး ဦးအောင်သိန်း (သန်လျင်)

Thaing Byaung Byan Volume 1

ကမ္ဗောဇနန်းတွင်းခူးခါချန့် သိုင်းပြောင်းပြန်လက်သိုင်း [ပထမတွဲ] (ဦးအောင်သိန်း – သန်လျင်)

Download(File Size – 132 MB)

သိုင်းပြောင်းပြန်ဆရာကြီး ဦးမောင်လေး၏ တပည့်ရင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် သိုင်းပြောင်းပြန် ပင်မဦးစီးဆရာကြီးအဖြစ် ဆောင်ရွက်နေသူ ဆရာကြီး ဦးအောင်သိန်း (သန်လျင်) ကိုယ်တိုင် ဆရာကြီး ဦးမောင်လေး၏ ခွင့်ပြုချက်ဖြင့် ရေးသားခဲ့သော သိုင်းပြောင်းပြန်လက်သိုင်းကျင့်နည်း စာအုပ်ဖြစ်သည်။ သိုင်းပြောင်းပြန်ပညာကို ဝါသနာပါသူတို့အတွက် မရှိမဖြစ်ဆောင်ထားသင့်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။

ဤစာအုပ်သည် Thaing Wizard မှ ပြုလုပ်သော စာအုပ်မဟုတ်ပါ။ ဝါသနာရှင်တစ်ယောက်မှ ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပါသည်။ ပြုလုပ်သူမည်သူမှန်းကိုတော့ ကျွန်တော်ပင် သိခွင့်မရခဲ့ပါ။ ယမန်နေ့က Thaing Wizard ၏ email သို့ ဤစာအုပ်ကို ပေးပို့ပေးခဲ့ခြင်းဖြစ်ပါသည်။ ပေးပို့သူအမည်နှင့် အဘယ်ကြောင့်ပေးပို့ခဲ့သည်ကို ထည့်သွင်းမဖော်ပြခဲ့ပါ။ ထို့ကြောင့် အဆိုပါပေးပို့သော အမည်မသိပုဂ္ဂိုလ်အား လွန်စွာကျေးဇူးတင်ရှိပါကြောင်း ဒီနေရာကနေ ပြောပါရစေဗျာ။ နောက်လဲ အခုလိုပဲ ပေးပို့နိုင်ပါကြောင်း… နောင်အခါများတွင် ပေးပို့သူ၏ အမည်လောက်ကိုတော့ ထုတ်ဖော်အသိပေးစေလိုပါကြောင်း…

မကြာခင်မှာ သိုင်းပြောင်းပြန်နဲ့ ပတ်သတ်တာတွေ ထပ်တင်ပေးဖို့လည်း ရှိပါသေးကြောင်း၊ ဆက်လက်ပြီး စောင့်မျှော်အားပေးနေကြစေလို့ပါကြောင်းလည်း တစ်ခါတည်း အသိပေးလိုက်ပါရစေဗျာ…

နှစ်ဆင့်ထိုးနည်းနှင့် လက်လှည့်ထိုးနည်း

By Ko Soe Gyi

နှစ်ဆင့်ထိုးနည်း

– လက်သီးကို ပျော့ပျော့လေးထိုးဟန်ပြပြီး ရန်သူရဲ့ ကိုယ်လုံး (သို့) မျက်နှာနှင့် လက်သီးထိတွေ့ချိန်မှာ ပခုံးအားရယ်၊ ခါးအားရယ် တစ်ပြိုင်တည်း စုစည်းအသုံးပြုပြီး ဆင့်တွတ် ထိုးလိုက်ရတဲ့ ထိုးနည်းဖြစ်ပါတယ်။ ဒီထိုးနည်းက အတွင်းဒဏ်ဖြစ်အောင် အားထည့်ထိုးလို့ရသလို ညင်ညင်သာသာနှင့် အထိုးခံရသူ လွင့်စဉ်သွားအောင် ဟန်ပြထိုး လို့လဲရပါတယ်။

လက်လှည့်ထိုးနည်း

– လက်လှည့်ထိုးနည်းကို ဝက်အူရစ်လက်သီးထိုးနည်းလို့လဲ ခေါ်ကြပါတယ်။ ဒီထိုးနည်းဟာလဲ နှစ်ဆင့်ထိုးနည်းလို ရိုးရိုးလေးပါပဲ။ လက်သီးနဲ့ မိမိထိုးမယ့် ဆုံချက်ထိတွေ့ချိန် လက်သီးကို မှောက်လျက်ကနေ ပက်လက်အဖြစ် ပြောင်းလဲပြီး မွှေ့ထိုးရတဲ့နည်းပါ။ ဒီထိုးနည်းဟာ လူ့ခန္ဓာကိုယ်ရဲ့ အဆီလွှာနှင့် ပြင်ပအသားလွှာကို ခွဲခြမ်းလိုက်တဲ့နည်းဖြစ်တာကြောင့် တစ်ဖက်ရန်သူကို မိမိသုံးတဲ့ အားပေါ်မူတည်ပြီး အတွင်းဒဏ်ရစေ၊ သေစေနိုင်သော ထိုးနည်းတစ်ခုပါ။ လက်လှည့်ထိုးနည်းနဲ့ တိုက်ခိုက်တဲ့အခါမှာ အရှိုက်နဲ့ ဆီးအိမ်တို့ကို အဓိကတိုက်ခိုက်ရပါတယ်။

The Conton Corkscrew

၀က်အူလက်သီး ထိုးပုံထိုးနည်း

– အခု ကျွန်တော်တင်ပြထားတဲ့ နှစ်ဆင့်ထိုးနည်းနှင့် လက်လှည့်ထိုးနည်းနှစ်မျိုးဟာ အပြင်ပန်းကြည့်ရုံနဲ့တင် မှတ်သားရလွယ်သော ရိုးရှင်းသော လက်သီးထိုးနည်းစနစ်များဖြစ်ပါတယ်။ သို့သော် ရိုးရှင်းလွန်းလို့ ဒီနည်းစနစ်နှစ်မျိုးကို တတ်မြောက်ရန် လွယ်ကူမည်ဟု မထင်ပါနဲ့ မိတ်ဆွေ။ မှားသွားပါလိမ့်မည်။ အကြိမ်ကြိမ်အထပ်ထပ် လေ့ကျင့်မှသာ ကျင်လည်စွာ အသုံးချနိုင်မယ့် နည်းများပါ။ အကျိုးထိရောက်မှုကလဲ အလွန်တာသွားလှပါတယ်။

– ဒီထိုးနည်းစနစ်နှစ်မျိုးကို လေ့ကျင့်မည်ဆိုလျှင် အရင်ကကျွန်တော်တင်ထားတဲ့ လျှပ်စစ်လက်သီး လေ့ကျင့်နည်း မှာကဲ့သို့ပင် အဝတ်စ (သို့) မျက်နှာသုတ်ပဝါ အသေးတစ်ခုနှင့် စတင်လေ့ကျင့်ပါ။ တစ်လလောက် လေ့ကျင့်ပြီးမှ သဲအိတ် (သို့) အမာစားများနှင့် လေ့ကျင့်ပါ။ ဒီနေရာမှာ လက်လှည့်ထိုးနည်း အကြောင်း မှတ်သားမိသလောက် ပြောပြပါရစေ။

လက်လှည့်ထိုးနည်း ကို ဝက်အူရစ်လက်သီးထိုးနည်း လို့လဲခေါ်ပါတယ်၊ ဒီထိုးနည်းစနစ်ကို မိတ်ဆွေတို့အတော်များများ အမြင်မစိမ်းကြပါဘူး။ လွန်ခဲ့သောနှစ်တွေက နာမည်ကျော် ကွန်ဖူးမင်းသား Jet Li ရဲ့ Fearless ဆိုတဲ့ ဇာတ်လမ်းမှာ ဒီလက်သီးထိုးနည်း ပါဝင်ပါတယ်။ အောက်ပါ link များမှာသွားရောက်ကြည့်ရှုနိုင်ပါတယ်…

http://www.youtube.com/watch?v=EiJwGhTxzqI
http://www.youtube.com/watch?v=ALk7qG3VqjQ

– ဒီနည်းကို ကျွန်တော်တို့ မြန်မာအခေါ် လက်လှည့်ထိုးနည်း တရုတ်တွေက ကောင်းတုံ ဝက်အူရစ် လက်သီးထိုးနည်း၊ နောက်… ငယ်စဉ်က ဖတ်မှတ်ဖူးခဲ့တဲ့ ဆရာရာဇဂဏီ ရဲ့ လူသူတော်သျှောင်တစ်စောင်း ဝတ္ထုတွေမှာ အိန္ဒိယအခေါ် ဗာရာဏသီလက်သီးထိုးနည်း စသည်ဖြင့် အမျိုးမျိုးမှတ်သားမိပါတယ်။ လူမျိုးနဲ့အရပ်ဒေသကိုလိုက်ပြီး ကွဲပြားမှုတွေတော့ အနည်းငယ်ရှိကြတာပါပဲ။ သို့ပေမယ့် အကျိုးသက်ရောက်မှုကတော့ အတူတူလောက်ပါပဲ။ ဒီနည်းစနစ်ကို ကျွန်တော်မှတ်သားဖူးတဲ့ ဆရာရာဇဂဏီ ရေးသားခဲ့တဲ့ ဗာရာဏသီလက်သီးထိုးနည်း ဆိုတဲ့ လက်လှည့်ထိုးနည်းကျင့်ပုံလေးကို သုတအဖြစ် တင်ပြပေးလိုက်ပါတယ်။ အခုဖော်ပြမယ့် ဆရာရာဇဂဏီ ရေးသားခဲ့တဲ့ နည်းစနစ်နဲ့ ကျွန်တော်လေ့ကျင့်စဉ်ကကျင့်နည်းနဲ့ ကွဲလွဲမှုရှိပါတယ်။

– ကျွန်တော်သင်ကြားရစဉ်က မျက်နှာသုတ်ပုဝါအသေးတစ်ခုနှင့် တစ်လတိတိ လေ့ကျင့်ခဲ့ရပြီး တစ်လပြည့်တဲ့အခါ သဲအိတ်ရယ်၊ နောက်… ထောင်ထားတဲ့ပျဉ်ပြားမှာ ဖီးဆင့်စက်ဘီးနောက်ကယ်ရီယာခုံကို တပ်ထားပြီး အထိုးကျင့်ခဲ့ရတာပါ။ ဒီနည်းစနစ်က ကျွန်တော့်အတွေ့အကြုံအရပြောရရင် သဲအိတ်ထိုးတာထက်၊ ပျဉ်ပြားမှာ စက်ဘီးနောက်ခုံတပ်ပြီး ထိုးတာက ပိုအဆင်ပြေပါတယ်။ အောက်မှာ ဆရာရာဇဂဏီ ရေးသားခဲ့တဲ့ နည်းစနစ်ကို ရေးသားထားပါတယ်။

ဗာရာဏသီလက်သီးထိုးကျင့်နည်း

– နေ့စဉ်  နံနက်စောစောထပြီး လက်သီးထိုးမကျင့်မီ  မြင်းထိုင်ပုံစံထိုင်ပြီး  အသက်ရှူခြင်းကို ဖြေးဖြေးနဲ့ပြင်းပြင်း အကြိမ်ကိုးဆယ် ပြုလုပ်ရပါမယ်။

– ပိတ်ပါး (သို့) မျက်နှာသုတ်ပုဝါ အသေးတစ်ခုကို ထောင့်များတွင် အပေါ်အောက်ကြိုးနှင့်ဆွဲပြီး လက်သီးထိုးကျင့်ရန်အတွက် ပြုလုပ်ထားရပါမယ်။

– မြင်းထိုင်ပုံစံဖြင့် အသက်ရှူရှိုက်ခြင်းပြုလုပ်ပြီးတာနဲ့ လက်သီးထိုးနည်း ကျင့်ရပါမယ်။ ချိတ်ဆွဲထားတဲ့ ပိတ်ပါးနဲ့မိမိ လက်နှစ်တောင်လောက်အကွာမှာရပ်ပြီး လက်လှည့်ထိုးနည်းနဲ့ ထိုးရပါမယ်။ ဗာရာဏသီအခေါ် “စောင်းဘရူး” လို့ ခေါ်ပါတယ်။

– လက်တစ်ဖက်ကို အကြိမ်ငါးဆယ်စီ ထိုးကျင့်ရပါမယ်။ အကြိမ်ငါးဆယ်ထက် ပို၍ မထိုးပါနှင့်ဟု မှတ်သားရပါတယ်။ ဤကဲ့သို့ လက်သီးထိုးကျင့်ပြီးလျှင်ပြီးချင်း ရေအေးအေးတစ်ခွက်ကို အမြဲသောက်ရမည်။ ညအိပ်ရာဝင်ခါနီးတိုင်း လက်သီးနှစ်လုံးကို နနွင်းစစ်စစ်နဲ့ လိမ်းကျံပြီးအိပ်ရမည်။ ညတိုင်းနို့တစ်မျိုးမျိုး သောက်နိုင်လျှင် ပိုကောင်းသည်ဟု မှတ်သားရပါတယ်။ ပိတ်ပါးစနှင့် ထိုးကျင့်ခြင်းကို တစ်ပတ်တိတိ လုပ်ဆောင်ရပါမည်။

– ပိတ်ပါးစနှင့် တစ်ပတ်ထိုးကျင့်ပြီးလျှင်၊ ဒုတိယအပတ်မှာ အဆင့်တက်ရပါမည်။ သံပြား (သို့) သွပ်ပြားပါး ခြောက်လက်မပတ်လည်လောက်ကို လေးလက်မပတ်လည် (သို့) ခြောက်မပတ်လည်ရှိတဲ့ တိုင်မှာ ကိုယ့်ရဲ့ရင်ခေါင်းတည့်တည့်မှာထားပြီး ညာတစ်လှည့်၊ ဘယ်တစ်လှည့်စီ ထိုးရပါတယ်။ ပထမငါးချက်မှာ ခပ်ဖြည်းဖြည်းထိုး၊ ဒုတိယငါးချက်မှာ ချင့်ချိန်ပြီး အားထည့်၍ ခပ်ပြင်းပြင်းထိုး၊ တစ်ခါထိုးရင် ဆယ်ကြိမ်ထက် မပိုစေပဲ၊ ဆယ်ကြိမ်ထိုးပြီးရင် ခဏနား၊ ထပ်ထိုးနဲ့ တစ်နေ့ကို အကြိမ်ငါးဆယ်စီ ထိုးရပါမယ်။ အကြိမ်ငါးဆယ်မှာ နောက်ဆုံး လေးဆယ့်ကိုးချက်မြောက်နဲ့ ငါးဆယ်မြောက်တွင်တော့ အားကုန်နှစ်ပြီး ထိုးရမည်။ ဒီထိုးနည်းကို အနည်းဆုံးခြောက်လတိတိ လေ့ကျင့်ရမည်ဟု ရေးသားထားတာကို မှတ်သားရပါတယ်။

– ယခုဖော်ပြခဲ့တဲ့နည်းကို မိတ်ဆွေတို့အတွက် လေ့လာမှတ်သားမိသမျှ တင်ပြလိုက် ပါတယ်။ လေ့ကျင့်မည်ဆိုလျှင် မိမိနဲ့အဆင်ပြေသလို လေ့ကျင့်နိုင်ပါတယ်။ ကျွန်တော်က လက်သီးထိုးနည်းများနှင့် ခြေကန်နည်းစနစ်များကို အထူးဝါသနာထုံတာကြောင့် လက်လှမ်းမီသမျှ လေ့လာမှတ်သား လေ့ကျင့်ဖြစ်ခဲ့ပါတယ်။ ယခုတင်ပြတဲ့ လက်သီးထိုးနည်းစနစ်နှစ်ခုဟာ နှစ်သက်မိတဲ့ လက်သီးထိုးနည်းစနစ်များမှာ အပါအဝင်ဖြစ်ပါတယ်။ ဒီထဲက လက်လှည့်ထိုးနည်းကို ဆရာဦးစင်ချိုင် ရဲ့ မိုးကြိုးလက်သီးဆယ့်ခြောက်ချက် မှာလည်းပါဝင်တာကို လွန်ခဲ့တဲ့နှစ်တွေက မှတ်သားခဲ့ရပါတယ်။ နောက်များမှ အလျဉ်းသင့်သလို တင်ပြပါဦးမယ်ခင်ဗျာ။

Download– အထက်ပါ နှစ်ဆင့်ထိုးနည်းနှင့် လက်လှည့်ထိုးနည်းများကို သိမ်းထားလိုသူများအတွက် ဒီနေရာ မှာ Download ဆွဲနိုင်ပါတယ်။

– ရွှင်လန်းချမ်းမြေ့ကြပါစေ။

မှတ်ချက်။ ။ ယခုဆောင်းပါးတွင် အသုံးပြုထားသောပုံသည် ဆရာကြီး ဦးပြည်သိမ်း ဘာသာပြန်ခဲ့သော လျှို့ဝှက်သော ကမ္ဘာ့သတ်ပုတ်နည်းများ စာအုပ်မှ ဖြစ်ပါသည်။

မြန်မာ့ထိုးကွင်းမင်ကြောင်ဓလေ့ (ဆင်ဖြူကျွန်းအောင်သိန်း)

ဆရာဆင်ဖြူကျွန်းအောင်သိန်းရဲ့ မြန်မာ့ထိုးကွင်းမင်ကြောင်ဓလေ့ စာအုပ်ဖြစ်ပါတယ်။

Myanmar Traditional Tattoo

မြန်မာ့ထိုးကွင်းမင်ကြောင်ဓလေ့ (ဆင်ဖြူကျွန်းအောင်သိန်း)

ထိုးကွင်းမင်ကြောင်ရဲ့ သမိုင်းကြောင်း၊ ရည်ရွယ်ချက်နဲ့ ထိုးနှံပုံတွေကို ဒီစာအုပ်ထဲမှာ တွေရ့မှာဖြစ်ပါတယ်။ သိုင်းပညာနဲ့ တိုက်ရိုက်မသက်ဆိုင်သော်လည်း ပတ်သတ်နေတယ်လို့ ဆိုနိုင်တဲ့အရာဖြစ်လို့ ebook လုပ်ဖြစ်ခဲ့ပါတယ်။

Downloadစိတ်ဝင်စားရင်တော့ ဒီမှာ ကူးယူရရှိနိုင်ပါပြီ။

လျှို့ဝှက်သော ဗန်တို၊ ဗန်ရှည် နည်းများ (သိုင်းဦးချစ်သန်း)

ဆရာကြီး ဦးချစ်သန်း ရေးသားခဲ့တဲ့ လျှို့ဝှက်သော ဗန်တို၊ ဗန်ရှည် နည်းများ စာအုပ် ဖြစ်ပါသည်။

Secret Techniques of Bando and Banshay

လျှို့ဝှက်သော ဗန်တို၊ ဗန်ရှည် နည်းများ (သိုင်းဦးချစ်သန်း)

မြန်မာတို့၏ ရှေးဟောင်းကာကွယ်တိုက်ခိုက်မှု စစ်ပညာ ဖြစ်ရုံသာမက ရိုးရာအားကစား ပညာလည်းဖြစ်သော ဗန်တို၊ ဗန်ရှည် အတတ်သည် တာဝန်သိသော သိုင်းပညာရှင်များ၏ လက်ဆင့်ကမ်း ထိန်းသိမ်းမှုကြောင့် ယနေ့ခေတ် နှောင်းလူများ တွေ့ရှိသိမှတ် သင်ကြားနိုင်ကြခြင်းဖြစ်ပါသည်။ ပညာကို အားပြတ်အောင် မပြုနှင့် ဟူသော ဆိုရိုးအတိုင်း ကျွန်ုပ်တို့၏ ဆရာ့ ဆရာများ၏ တာဝန်ကျေမှုများကြောင့် ဤပညာများကို ကျွန်ုပ်တို့ သင်ကြားခွင့် ရနိုင်ခြင်း ဖြစ်ပါသည်။ ပညာတစ်ခုကို ငါမှလွဲ၍ ငါ့သားသမီး၊ ငါ့တပည့်ရင်းမှလွဲ၍ မည်သူမှ မတတ်ရ၊ မသိစေရ၊ မမြင်စေရ ဟူသော အယူအဆသည် များစွာ ကျဉ်းမြောင်းလှပေသည်။ မိမိချစ်မြတ်နိုးသော ပညာရပ်တစ်ခုကို မိမိဘာသာ အားပြတ်အောင် ပြုသည်နှင့် တူပေသည်။

တစ်ချို့က ဤကဲ့သို့ စာအုပ်မျိုး ရေးသားထုတ်ဝေခြင်းကြောင့် ဆရာကြီးအား အပြစ်တင်လိုကြသည်။  အမှန်မှာ မည်သည့်ပညာမဆို မထိုက်တန်သူများ၏ လက်တွင်းသို့ အလွယ်တကူ မရောက်ရှိနိုင်ပါ။ ရောက်ရှိခဲ့လျှင်လည်း အပြည့်အစုံမဟုတ်ဘဲ အပိုင်းအစမျှသာ ဖြစ်ပေလိမ့်မည်။ ထို့ပြင် လူဆိုး၊ သူခိုးတို့သည်  ဇွဲ၊ လုံ့လ၊ ဝီရိယ ရှိသူများမဟုတ်သဖြင့် ခိုးဆိုးနေကြခြင်း ဖြစ်ပါသည်။ ဗန်တို၊ ဗန်ရှည်ပညာကို ငွေကြေးတစ်ခုတည်း ပေးနိုင်ရုံမျှဖြင့် တတ်မြောက်မည် မဟုတ်ပါ။ ထိုက်တန်သော အချိန်၊ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ သည်းခံမှုများနှင့် အစဉ်တစိုက် လေ့ကျင့်ပေးနိုင်မှသာ အမှန်တကယ် တတ်မြောက်နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့်လည်း ယခုစာအုပ်ကို ဆရာကြီးမှ ရဲရဲကြီး ရေးသားထုတ်ဝေပေးခဲ့ခြင်း ဖြစ်ပါသည်။

ဤစာအုပ်တွင် ဗန်တိုနည်းပေါင်း ၁၂၀၊ ဗန်ရှည်နည်းပေါင်း ၁၄-နည်း တို့ကို ရုပ်ပုံပေါင်း ၁၆၄-ပုံဖြင့် ဝေေ၀ဆာဆာ တင်ပြပေးထားသည်။ အကျယ်ဆိုရလျှင် ဤစာအုပ်တွင် ဗန်တို၊ ဗန်ရှည်ပညာ လိုက်စားသူတို့အတွက် ရန်သူနှင့် ရင်ဆိုင်ရာတွင် အမှန်အကန် အသုံးဝင်မည့် နည်းကောင်း (၁၆)နည်းကို ဖော်ပြပေးထားသည်။ ဤစာအုပ်တွင် လူ့ခန္ဓာကိုယ်တွင်ရှိသော အားနည်းသော အင်္ဂါအစိတ်အပိုင်းများ၊ အားရှိသော ခန္ဓာလက်နက်များကိုလည်း ဖော်ပြပေးထား သည်။ ထို့ပြင် ဗန်တိုပညာအနေဖြင့် ခန္ဓာလက်နက်များဖြစ်သော လက်ဝါးစောင်း၊ လက်ဖနောင့်၊ တံတောင်၊ ဒူး၊ ခြေဖနောင့်၊ ခြေဝါးစောင်း၊ ခေါင်း၊ လက်သီး၊ လက်စောင်းတို့ အသုံးပြုနည်းများကို အကျယ်ရှင်းပြထားသည်။

ဗန်ရှည်ပညာရပ်အနေဖြင့်လည်း လက်အဖြောင့်ထိုးခြင်း၊ ဓားရိုးဖြင့် တိုက်ခိုက်ခြင်း၊ မိုးခုတ်ကို တန်ပြန်တိုက်ခိုက်ခြင်း၊ ပိုင်းခုတ်ကို တန်ပြန်တိုက်ခိုက်ခြင်း၊ တွတ်ခုတ်ကို တန်ပြန်တိုက်ခိုက်ခြင်း၊  လက်နက်အကျချနည်း၊ တက်ရှောင်ပြီး လက်နက်အကျချနည်း၊ တက်ရှောင်၍ အောက်စီးမှတိုက်ခြင်း စသည်ဖြင့် အမှန်တစ်ကယ် အသုံးဝင်မည့် နည်းစနစ်များကို ဖော်ပြပေးထားသည်။

ထိုမျှမကသေး အမျိုးသမီးများအတွက် အထူးအလေးပေးကာ အမျိုးသမီးကဏ္ဍကိုလည်း ထည့်သွင်းပေးထားသေးသည်။ အမျိုးသမီးကဏ္ဍတွင် လက်ဝါးစောင်း သုံးနည်း၊ လက်ဖနောင့်ဖြင့် ခုခံနည်း၊ တံတောင်ဖြင့် တိုက်နည်း၊ ခြေဖဝါး ဖနောင့်ဖြင့် ခုခံတိုက်ခိုက်နည်း၊ လက်စောင်းဖြင့် ခုခံနည်း၊ လက်မဖြင့် ခုခံနည်း စသည်ဖြင့် စုံလင်လှသည်။

Downloadလက်တွေလေ့လာ လေ့ကျင့်လိုသူတွေအတွက်ဖြစ်ဖြစ်၊ ဗဟုသုတအနေနဲ့ ဖတ်ရှုလိုသူတွေ အတွက်ဖြစ်ဖြစ် အမှန်အကန် စိတ်ကျေနပ်မှုပေးစွမ်းနိုင်မယ့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီမှာ ကူးယူရရှိနိုင်ပါပြီ။

ဆရာကြီးဗန်းမော်သိန်းအောင် ၏ လျှပ်စစ်လက်သီးထိုးနည်း

By Ko Soe Gyi

ဗန်းမော်လက်သီးထိုးနည်း မှာ မြန်မာ့ဂုဏ်ရောင်သိုင်းအဖွဲ့ဦးစီးဆရာကြီး ဗန်းမော်သိန်းအောင် ၏ လက်သီးထိုးနည်းစနစ် (သို့) လက်သီးသိုင်းကွက် (သို့) လက်သီးပညာကို ပြောလိုရင်းဖြစ်ပါသည်။ ဆရာကြီးဗန်းမော်သိန်းအောင်၏ လက်သိုင်းပညာ (သို့) လက်သီးထိုးနည်းစနစ်တွင် လက်သီးမာ နှင့် လက်သီးပျော့ ဟူ၍ နည်းစနစ်နှစ်မျိုးရှိပါသည်။ လက်သီးပျော့ကို လျှပ်စစ်လက်သီး (သို့) စပရိန်လက်သီး ဟုလည်းခေါ်ပါသည်။ စပရိန်လိုတွန်းကန်ထွက်သွားပြီး လျှပ်စစ်လက် သလိုမြန်သောကြောင့် ဤသို့အမည်ပေးဟန်ရှိပါသည်။ လက်သီးပျော့ထိုးနည်း တွင် လက်ဝါး ကို ဖြန့်လျက်ထောင်ထားပြီး ရန်သူ့မျက်နှာ (သို့) ထိုးရန်ပစ်မှတ်နေရာနှင့် နှစ်ပေခန့်အကွာအဝေးတွင် ချိန်ဆထားပြီး လက်သီးကို ထိုးထုတ်လိုက်သည်နှင့် (ပစ်မှတ်ကိုထိခါနီးတွင်) လက်သီးကို ဆုပ်လိုက်ရပြီး ဖျတ်ခနဲထိုး၍ ဖျတ်ခနဲပြန်ုဆုတ်ရသောနည်းဖြစ်သည်။ လက်သီးမာထိုးနည်း မှာ လက်သီးကိုမထိုးမီ အသင့်ပြင်ချိန်ဆကတည်းက လက်သီးကို ဆုပ်၍ထားရသည်။ လက်သီးကို ခါးနေရာ (သို့) ရင်ဘတ်ရှေ့နေရာမှ ထိုးထုတ်သောနည်းဖြစ်သည်။ လက်သီးကို ထိုးပြီး ပြန်ဆုတ်ရန် မလိုပဲ အားကုန်ဆန့်ထိုးထုတ်လိုက်ခြင်းဖြစ်သည်။ ပြီးမှ ရင်ဘတ်ရှေ့တွင် ပြန်၍အသင်ပြင့်ရန်လိုသည်။ လက်သီးမာကို လက်သီးပျော့ကဲ့သို့ထိုးလိုလျှင် လက်သီးကို ဆုပ်လျက်မှ မိမိ၏ မေးစေ့ရှေ့ခန့် တွင်ထောင်ထားပြီး ဖျတ်ခနဲထိုးထုတ်၍ ဖျတ်ခနဲပြန်၍ အသင့်ပြင်ခြင်းဖြစ်ပါသည်။ ဝင်ချွန်းကွန်ဖူး ပညာမှ လက်မကွာလက်သီး စနစ်နှင့် ဆင်သည်။ သို့သော် လက်မကွာလက်သီး ထိုးနည်းစနစ်က လက်သီးဆုပ်၍ ဒေါင်လိုက်ထောင်ထားရာမှ ဆတ်ခနဲထိုးထုတ်လိုက်သောနည်း စနစ်ဖြစ်သည်။ စပရိန်လက် (သို့) လျှပ်စစ်လက်သီး ကတော့ လက်ဝါးကိုဖြန့်ထောင်ထားရာမှ ဆတ်ခနဲလက်ကို ရှေ့သို့ထုတ်လိုက်ချိန်တွင် လက်သီးကိုဆုပ်လိုက်ရသောနည်းစနစ်ဖြစ်ပါသည်။

လျှပ်စစ်လက်သီးအသုံးချလေ့ကျင့်စဉ်

လက်သီးထိုးလေ့ကျင့်မည့်သူသည် ရှစ်လက်မပတ်လည်ခန့်ရှိ ပလတ်စတစ်ပြားတစ်ချပ် (သို့မဟုတ်) [S.P အိတ်ခေါ်သောပလတ်စတစ်အိတ် အကြည်တစ်လုံးရလျှင်လည်းဖြစ်ပါသည်။] ကို မိမိ မျက်နှာခန့်အမြင့်တွင် ကြိုးသေးသေးဖြင့် ချိတ်ဆွဲထားပါ။ ပလတ်စတစ်ပြား (သို့) ပလတ်စတစ် အပေါ်ထောင့်တစ်ဖက်တစ်ချက်စီတွင် ကြိုးဖြင့် ချိတ်ဆွဲခြင်းဖြင့် လက်သီးဖြင့်ထိုးလိုက်၍ ပလတ်စတစ်ပြားကိုထိလျှင် ရှေ့ဘက်သို့သာရွေ့သွား၊ လွင့်သွားပြီး လည်မသွားပေ။ လည်နေလျှင် လက်သီးထိုးရခက်ပါသည်။ ပလတ်စတစ်ပြားသည် မိမိ၏ မျက်နှာတည့်တည့် (၁၈-လက်မခန့်) အကွာတွင် ရှိရမည်။ မိမိ လက်တံရှည်လျှင် (၂၄-လက်မခန့်) အကွာတွင်ရှိရမည်။ မိမိ လက်သီးကိုဆုပ်ပြီး လက်ဆန့်ထိုးလိုက်လျှင် ပလတ်စတစ်ပြားကိုထိသည့် အကွာအဝေးအနေအထား သည် အကောင်းဆုံးဖြစ်သည်။ ပလတ်စတစ်ပြားမရလျှင် ချွေးသုတ်မျက်နှာသုတ်ပုဝါ အသေးနှင့်လည်း ချိတ်ဆွဲ၍ ကျင့်လျှင်လည်းရသည်။

၁။ မိမိရှေ့တွင် ပလတ်စတစ်ပြား (သို့) မျက်နှာသုတ်ပုဝါအသေးကို ချိတ်ဆွဲထားပါ။

၂။ လက်သီးထိုးမည့်သူသည် ပလတ်စတစ်ပြားကိုမျက်နှာမူ၍ ဘယ်ခြေရှေ့ညာခြေနောက်တွင် ထားလျက် (၂)ကွက် ဒေါင်လိုက်အနေအထားဖြင့်နေပါ။ လက်နှစ်ဖက်ကို တံတောင်ကွေး လျက် ထောင်ထားပါ။ လက်ဝါးနှစ်ဖက်ကို ဖြန့်ထားပါ၊ ဘယ်လက်ကို ရှေ့တွင်ထား၍ ညာလက်ကို နောက်တွင်ထားပါ။ (ဥပမာ- အင်္ဂလိပ်လက်ဝှေ့ (boxing) တွင် အသင့်ပြင်ထားသည့် ပုံမျိုးဖြစ်သည်) လက်ချောင်းလေးချောင်းကို စိထား၍ လက်မကို (၉၀)ဒီဂရီ အနေအထားဖြင့် ကားထောင်ထားပါ။ တစ်ကိုယ်လုံးရှိ အကြောများကို ဖြေလျှော့ထားပါ။ စိတ်ကိုလည်း ပေါ့ပါး လွတ်လပ်နေပါစေ။

၃။ ညာလက်သီး (ထောင်ထားသောလက်ချောင်း) များကို ပလတ်စတစ်ပြားရှိရာသို့ ဖျတ်ခနဲဆန့်ထုတ် လိုက်ပါ။ ပလတ်စတစ်ပြားနှင့်ထိခါနီးတွင် လက်သီးကိုဆုပ်လိုက်ပါ။ (လက်ချောင်းလေးများကို လက်ဝါးဖြင့်ထိခတ်ပြီး ဆုပ်လိုက်ရမည်။) လက်သီးထိုးထုတ်လိုက်သည့်အခါတွင် ခါးကိုပါလိမ်ပေးပါ။

၄။ ပလတ်စတစ်ပြားကို လက်သီးက ဖျတ်ခနဲထိလိုက်သည်နှင့် ထိုးထားသော ညာလက်သီးကို အမြန်ဆုံးပြန်ရုပ်လိုက်ပါ။ လက်သီးထိုးချက်မြန်လျှင် လက်သီးကိုပြန်ဖြေရန် (သို့) လက်ဝါးဖြန့်ရန် အချိန်ပင်မရလိုက်ပဲ လက်သီးဆုပ်လျက်ဖြင့် ပြန်ရုပ်ပြီးရှိနေလိမ့်မည်။ နောက်တစ်ကြိမ် ထိုးရန်အတွက် ညာလက်ဝါးကို ပြန်ဖြန့်လိုက်ရမည်။ (ပလတ်စတစ်ပြားကို ထိအောင်ထိုးရမည်။ မထိပဲ လက်ပြန်မရုပ်ရ ပါ။ အကျင့်ဖြစ်ပြီး ပစ်မှတ်ကို မထိပဲ နေလိမ့်မည်) ထိုသို့အသင့်ဖြစ်သည်နှင့် ဆက်လေ့ကျင့်ပါ။

၅။ ထိုသို့ ညာလက်သီးထိုးလေ့ကျင့်ပြီးလျှင် ညာခြေရှေ့၊ ဘယ်ခြေနောက်ထားလျှက် (၂)ကွက် ဒေါင်လိုက်ဖြင့် ညာခြေခင်းပြီး ဘယ်လက်သီးထိုး လေ့ကျင့်ရပေမည်။ ညာလက်ရော၊ ဘယ်လက်ရော နှစ်ဖက်စလုံး ထိုးတတ်ရပေမည်။

၆။ ထိုသို့ ဘယ်ခြေခင်း၍ ညာလက်သီးထိုးလေ့ကျင့်ခြင်း၊ ညာခြေခင်း၍ ဘယ်လက်သီး ထိုးလေ့ကျင့်ခြင်း ကျင့်သားအတော်ရလာလျှင်ခြေနှစ်ဖက်ကို (၂၇)လက်မခန့် ခွဲရပ်ပြီး (၂)ကွက်ကန့်လန့်ခြေအနေအထားမှနေ၍ ညာလက်သီးထိုးလေ့ကျင့်ခြင်းကို အကြိမ်များစွာနေ့စဉ် ရက်ဆက်လေ့ကျင့်ရပေမည်။

၇။ ထိုသို့ (၂)ကွက် ကန့်လန့်အနေအထားမှနေ၍ ညာလက်လေ့ကျင့်၍ ကျင့်သားအတော်ရလာလျှင် ဘယ်လက်သီးထိုးကိုလေ့ကျင့်ရပေမည်။ ထိုသို့အနေအထား အမျိုးမျိုးဖြင့် လေ့ကျင့်ထားလျှင် မည်သည့်အနေအထားမှဖြစ်စေ လျှပ်စစ်လက်သီးကို လျှပ်စစ်လက်သလို အလွန်လျင်မြန်စွာ ထိုးနိုင်လာလိမ့်မည်။ လက်တွေ့ကျင့်ကြည့်လိုက်ပါ။ ရက်ပိုင်းအတွင်း လျှပ်စစ်လက်သီး ပိုင်ရှင်ဖြစ်လာပါလိမ့်မည်။ ထို့ထက်ပိုလျှင်မြန်ရန်အတွက်ကတော့ အနည်းဆုံးလေ့ကျင့် ရက်(၁၀၀)တော့ ရှိရမည်။

မှတ်ချက်-၁။   ။လက်တွေ့အသုံးချ လျှပ်စစ်လက်သီးထိုးနည်းစနစ်သည် အခြေခံဗန်းမော်ကွန်ဖူး လက်သီးပျော့ထိုးနည်းစနစ်နှင့်တော့မတူပါ။ တစ်ချို့က ဆရာကြီးဗန်းမော်သိန်းအောင်၏ အခြေခံ လက်သီးပျော့ကစားကွက်ကိုသာ မြင်ဖူးထားပြီး အမြင်ဖြင့်ဆရာကြီး၏ လျှပ်စစ်လက်သီးကို ထိုးတတ်နေပြီဟု ထင်ကြပါသည်။ အခြေခံထိုးကွက်နှင့်အဆင့်မြင့် လျှပ်စစ်လက်သီးထိုးစနစ်တို့မှာ လုံးဝမတူပါ။ အကယ်၍ ဆရာကြီးဗန်းမော်သိန်းအောင်၏ သိုင်းပညာရပ်များကို သင်ချင်ပါက ရန်ကုန်မြို့၊ အလုံမြို့နယ်၊ ဆင်မင်းဈေးတစ်ဝိုက်တွင် ဗန်းမော်ဘွဲ့ခံ ဆရာကြီးများ၊ နာမည်ရှေ့တွင် ဗန်းမော် ဟုဘွဲ့တပ်ထားသော ဆရာကြီးများရှိပါသည်။ ထိုဆရာကြီးများထံတွင် သင်ယူနိုင်ပါသည်။

မှတ်ချက်-၂။  ။ဤလျှပ်စစ်လက်သီးထိုးနည်းကို လက်တွေ့သင်လိုလျှင် ၂၀၁၃၊ မတ်လထုတ် နက္ခတ္တရောင်ခြည်မဂ္ဂဇင်း၊ အမှတ်(၃၂၀) ကိုယူဆောင်၍ အမှတ်(၂၅၂)၊ အောင်ရတနာ(၁၇)လမ်း၊ (၁၆)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့တွင် အခကြေးငွေပေးစရာမလိုပဲ ဤလျှပ်စစ်လက်သီး ထိုးနည်းကို နက္ခတ္တရောင်ခြည်မဂ္ဂဇင်းတွင် ရေးသားသူ ဆရာကြီးမင်းယက္ခထံတွင် အထက်ဖော်ပြပါ စာအုပ်ကိုယူဆောင်သွား၍ သင်ယူနိုင်ပါသည်ဟု ဆရာကြီးမှ ရေးသားဖော်ပြခဲ့ပါသည်။ ဖုန်းကြိုဆက်ရန်နှင့် ရုံးချိန်အတွင်းသာ လာရောက်ရန်လည်း ဖော်ပြထားပါသည်။ ဖုန်းနံပါတ်မှာ ၀၉၇၃၀၁၄၅၉၂ ဖြစ်ပါသည်။

ယခု လျှပ်စစ်လက်သီးထိုးနည်း မှာ ဆရာမင်းယက္ခ၏ဘဝအတွေ့အကြုံများ ဆောင်းပါး မှ ကောက်နုတ်၍ ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်ခင်ဗျာ။ လျှပ်တစ်ပြက်အတွင်း တစ်ဖက်ရန်သူကို အငိုက်မိလဲကျသွားစေနိုင်သည့် လက်သီးထိုးနည်းလည်းဖြစ်ပါတယ်။ ဒါကြောင့်မိတ်ဆွေ များ လေ့လာ၊ လေ့ကျင့်နိုင်ရန်အတွက် လေ့လာမှတ်သားထားသည့် လက်သီးထိုးနည်းစနစ်များထဲမှ ထုတ်နှုတ်၍ ဖော်ပြလိုက်ပါတယ်ခင်ဗျာ။

ဆောင်းပါးကို ebook အနေနဲ့ လိုချင်ရင်တော့ ဒီနေရာမှာ Download ယူနိုင်ပါတယ်ခင်ဗျာ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဘီလီဝုဒ် ၏ နဘမ်းသတ်နည်း (ဦးလှဒင်)

ဆရာကြီး ဦးလှဒင် ဘာသာပြန်ဆိုသော ဘီလီဝုဒ် ၏ နဘမ်းသတ်နည်း စာအုပ်ဖြစ်သည်။

Wrestling Techniques of Billy Wood

Wrestling Techniques of Billy Wood

အောက်မှာ မူရင်းစာအုပ်မျက်နှာဖုံးကိုပါ ဖော်ပြပေးထားပါတယ်။

Wrestling: Catch-As-Catch-Can, Cumberland & Westmorland, & All-In Styles

Wrestling: Catch-As-Catch-Can, Cumberland & Westmorland, & All-In Styles

Ernest John Harrison ရဲ့ Wrestling: Catch-As-Catch-Can, Cumberland & Westmorland, & All-In Styles ကို ဘာသာပြန်ထားတာဖြစ်ပါတယ်။

Downloadယခုဖော်ပြပါစာအုပ်ကို ဒီနေရာ မှာ Download ဆွဲယူ ရရှိနိုင်ပါပြီ…