ဂါမဝါသီပွဲကျောင်း လက်ဝှေ့၊ သိုင်းအတတ်ပညာ အကျဉ်း

By Ko Soe Gyi

ဂါမဝါသီပွဲကျောင်း လက်ဝှေ့၊ လက်ပမ်း သိုင်းအတတ်ပညာ အကျဉ်း

– ရှေးမြန်မာတို့သည် ပွဲကျောင်းလက်ဝှေ့လက်ပန်းအတတ်ကို အောက်ပါကဗျာနှင့် မှတ်သားလွယ်အောင် ဖွဲ့ဆိုခဲ့ကြပါသည်။

မျောက်လေးကွက်ချိုး၊ ကျားကိုးကွက်သွား၊ နဂါးကြေးလှန်၊ ကုမ္ဘဏ်ပန်းခူး၊ ဘီလူးပန်းဆွဲ၊ ပုလဲတွဲသီ၊ နကျည်ပျားတုတ်၊ ကျားပုတ်လက်ကြမ်း၊ ဝက်ဝံဝမ်းခွဲ၊ မျောက်လွဲှမြေလူး၊ ကျွဲဦးတိုက်ခွေ့၊ မောင်းလွဲှမွေ့သည်၊ လက်ဝှေ့လက်ပန်း၊ ဆယ့်နှစ်ခန်းတည်း။

– မျောက်လေးကွက် မှာ ခြေလေးကွက်ကို မျောက်၏ လျင်မြန်ခြင်းဖြင့် ခုန်၍ ရွှေ့ရ၏။

– ကျားကိုးကွက်သွား ၌ မြေပြင်ပေါ်၌ မိန်းမထိုင် ထိုင်ချ၍ ကျားသတ္တဝါ၏ဟန်ဖြင့် တိုက်ခိုက်ရမည်။

– ကျွဲဦးတိုက်ခွေ့ လေ့ကျင့်ခန်းမှာမူ အလွန်ပင်ပန်း၏။ ခိုင်ခံ့တောင့်တင်းသော တိုင်တစ်တိုင်၌ ကိုယ့်ရဲ့ဦးခေါင်းနှင့်တိုင်း၍ အုန်းဆံဖတ်များကို ချည်နှောင်၍ ခေါင်းဖြင့်ဆောင့်ပြီး လေ့ကျင့်ရ၏။ ကျွဲဦးတိုက်ခွေ့လေ့ကျင့်ခန်းကို လေ့ကျင့်အောင်မြင်သောအခါ ခေါင်းတိုက်ချက်သည် ရန်သူ၏ရင်ဝကို အမြှောက်ဆန်မှန်သလို ခံစားသွားရအောင် တိုက်ခိုက်နိုင်မည်။ ဤကျင့်စဉ် ပြီးဆုံးအောင်မြင်သောအခါ ရှေ့သို့၊ နောက်သို့၊ ဘယ်သို့၊ ညာသို့ ခေါင်းဆတ်ခြင်းလေးမျိုးကို လေ့ကျင့် ရပြန်၏။ ထိုခေါင်းဆတ်သောလေ့ကျင့်ခန်း၌ အိုးများကိုကြိုးဖြင့်ဆိုင်း၍ ခေါင်းဖြင့်ဆတ်ရ၏။ အိုးများကွဲအောင် လေ့ကျင့်ရမည်။ ထို့နောက် အုန်းသီးအခွံကျွတ်များကို ကွဲအောင်လေ့ကျင့်ရမည်။

ဤအဆင့်အောင်မြင်မှ သတ်ကိုးသတ်၊ မောင်းကိုးမောင်းကို လေ့ကျင့်ရသည်။ သတ်ကိုးသတ် ဆိုသည်မှာ လူ၏ခန္ဓာကိုယ်၌ တိုက်ခိုက်ရာတွင် အဓိကအားကိုး၍ အသုံးပြုရသော အမာပိုင်းကိုးနေရာဖြစ်၏။ မောင်းကိုးမောင်းဆိုသည်မှာ တိုက်ခိုက်ရာ၌ ရှောင်ခြင်း၊ တိမ်းခြင်း၊ ကွယ်ခြင်း၊ ကာခြင်း၊ ပယ်ခြင်း၊ ခုတ်ခြင်း၊ ညှပ်ခြင်း၊ ခံခြင်း၊ ညွှတ်ခြင်း၊ ယို့ခြင်း၊ ယိမ်းခြင်း၊ လိမ်ခြင်း၊ ခုန်ခြင်း၊ လွဲှခြင်းပြုလုပ်ရာ၌ အသုံးပြုသောအပိုင်းကို မောင်းဟုခေါ်သည်။

ထို့ကြောင့် သတ်ကိုးသတ်ဖြစ်သည့် ခေါင်း၊ ဘယ်လက်သီး၊ ညာလက်သီး၊ ဘယ်တံတောင်၊ ညာတံတောင်၊ ဘယ်ဒူး၊ ညာဒူး၊ ဘယ်ခြေ၊ ညာခြေတို့သည် သတ်ကိုးသတ် အမာပိုင်းကိုးခုဖြစ်ရာကား ထိုနေရာများမာကျောစေရန် လေ့ကျင့်ရ၏။ ထို့အတူ မောင်းကိုးမောင်းဟူသော ဘယ်လက်ဖျံ၊ ညာလက်ဖျံ၊ ဘယ်လက်မောင်း၊ ညာလက်မောင်း၊ ဘယ်ပေါင်၊ ညာပေါင်၊ ဘယ်ခြေသလုံး၊ ညာခြေသလုံးနှင့် ကျောကုန်းစသည့် မောင်းကိုးမောင်းကိုလည်း သွက်လက်လှုပ်ရှားနိုင်စေ ရန် လေ့ကျင့်ရပြန်သည်။

ရှေးမြန်တို့သည်ခြေကိုရွှေ့၍ သိုင်းကွက်နင်းရသော ခြေကွက်များကို မြန်မာ့စစ်တုရင်ပညာနှင့် သုံးပုံဖဲပညာတို့တွင် မြှပ်နှံထားခဲ့သည်။ ခြေကွက်များမှာ နယ်ကွက်၊ လေးကွက်ခေါ် စစ်ကဲကွက်၊ ငါးကွက်ခေါ် ဆင်ကွက်၊ ခုနှစ်ကွက်ခေါ် မြင်းကွက်၊ ရှစ်ကွက်ခေါ် ရထားကွက်၊ ဆယ့်နှစ်ကွက်ခေါ် မင်းကြီးကွက်တို့ ဖြစ်သည်။ ၎င်းအကွက်များကို စစ်တုရင်ပညာနှင့် သုံးပုံဖဲတို့တွင် လေ့လာနိုင်သည်။ (ဥပမာ-သုံးပုံဖဲရှိ ကုတင်၊ ဆင့်စာ၊ မဲအိုး၊ ဝေါ၊ ရင်း၊ ထင် အစရှိသည်တို့ဖြစ်သည်။ ပုံများကို အခက်အခဲကြောင့်မဖော်ပြနိုင်သည်ကို တောင်းပန်အပ်ပါသည်။)

စစ်တုရင်ကွက်၊ သုံးပုံဖဲကွက်များကို မြေပေါ်၌ ချဆွဲကာ သတ်မှတ်ထားသောနေရာများတွင် ခြေချ၍ အမှားအယွင်းမရှိပဲ မြန်ဆန်သွက်လက်စွာ ခြေရုပ်ခြေသိမ်းများစွာဖြင့် လှုပ်ရှားကစားနိုင်အောင် ကျင့်ရသည်။

ထို့ပြင်ပွဲကျောင်းလက်ဝှေ့ပညာနှင့် ဗန်တိုလက်သိုင်းပညာတို့တွင် အားဖြိုခြင်းကိုးမျိုး၊ အားလွှဲခြင်းသုံးမျိုး ဟူ၍ရှိသည်။ ရန်သူ၏ အရှိုက်နှင့်ချက်ကို ကန်ထိုး၍ အားဖြိုခြင်း၊ ကျောရိုး၊ ခါးဆစ်ကို ကန်ကျောက်၍ အားဖြိုခြင်း၊ လည်မျိုနှင့် ကပ်ပယ်အိတ်ကို တစ်ချိန်တည်း တိုက်ခိုက်၍ အားဖြိုခြင်း၊ နှစ်ဖက်သော ပေါင်တန်ကို ထိုးနှက်၍ အားဖြိုခြင်း၊ ချိုင်းကြားနှစ်ဖက်ကိုထိုး၍ အားဖြိုခြင်း၊ ဒူးဆစ်၊ တံတောင်ဆစ်ကို ထိုးရိုက်ကန်ကြောက်၍ အားဖြိုခြင်းတို့ဖြစ်သည်။ ထို့နောက် အတွင်းအပြင် ဝေ့ဝိုက်၍ ရန်သူ၏အားကိုလွဲှခြင်း၊ ပင့်ထုတ်ဖိပုတ်၍အားလွှဲခြင်း၊ တွန်းပုတ်၍ အတွင်းအပြင်ကို တိုက်ဖျက်၍ အားလွှဲခြင်းစသော အားလွဲှခြင်း သုံးမျိုးဖြစ်သည်။

ရှေးမြန်မာ့ပွဲကျောင်းသားများသည် စိတ်ဓါတ်တည်ငြိမ်၍ မိမိတို့၏သိုင်းပညာရပ်များ ထက်မြက်အောင် သမာဓိကျင့်စဉ်ကိုကျင့်ရသည်။

နဖူးအား”လ”အက္ခရာ၊ ညာပခုံး”ယ”၊ ဘယ်ပခုံး”ဝ”၊ ညာလက်”ဟ”၊ ဘယ်လက်”သ”၊ ညာဒူး”ည”၊ ဘယ်ဒူး”င”၊ ဘယ်ခြေဖျား”အ”၊ ညာခြေဖျား”င”၊ ရင်ဝအား”သုည(ဝ)”ဟုမှတ်ရ၏။

မိမိ၏စိတ်ကို သုညနေရာသို့ ပို့ထားပါ၊ ဘာကိုမှ အာရုံမပြုပါနှင့်။ သုညသက်သက်၊ ဗလာသက်သက်ထားပါ။ “လ”လို့အော်ရင် စိတ်ကို နဖူးကိုရွှေ့လိုက်ပါ။ “ဝ”လို့အော်ရင် စိတ်ကို ဘယ်ပခုံးကိုရွှေ့ပါ။ လူတစ်ယောက်က ိုရှေ့မှအော်ခိုင်းပြီး ကျင့်ပါ။ အော်သောသူက ဖြည်းဖြည်းအော်၍ အက္ခရာတစ်ခုနှင့်တစ်ခုကြား အချိန်ညီမျှအောင် ခေါ်ပေးရမည်။

ပွဲကျောင်းသားများသည် တိုက်ခိုက်ရာ၌ “စ”ဟူသော အက္ခရာကို အသံလုံပြီး အသံကို တိခနဲပြတ်ခနဲဖြစ်အောင် အော်ပြီးမှ တိုက်ခိုက်ကြသည်။ ရန်သူနှင့် ရင်တိုက်ခိုက်သည့်အခါ မိမိအသံသည် လက်နက်တစ်ခုကဲ့သို့ အားကိုးရသည်။ ” စ”ဟူသောအသံကို ရင်ခေါင်းမှအသံနှင့် လည်ဖျားမှအသံ ပေါင်း၍ထုတ်ရ၏။ ပြီးလျှင် လည်ကိုအစ်စေ၍ အသံကိုဖြတ်ပစ်ရ၏။ အသံကိုစာဖြင့် ရေးပြ၍ မဖြစ်နိုင်ပါ။ မည်မျှအင်အားရှိ၍ အစွမ်းထက်သောအသံဖြစ်ပေါ်လာမည်ကို ကိုယ်တိုင်လေ့ကျင့်ကြည့်ပါဟုသာ ပြောလိုပါသည်။ (စကားချပ် – တိုက်ခိုက်ရေးပညာလေ့ကျင့်သူများ သည် အဟန့်ကောင်းရန်လည်း လိုအပ်သည်။ မိမိ၏ မျက်လုံးအကြည့်၊ အသံ၊ ကိုယ်နေဟန်ထားနှင့် အေးဆေးတည်ငြိမ်မှုတို့သည် တစ်ဖက်ရန်သူအား ရှိန်သွား၊ တန့်သွားအောင် လေ့ကျင့်ထားရပေမည်။)

– မြန်မာတို့၏ သိုင်းပညာရပ်များတွင် တိရစ္ဆာန်တို့၏ဟန်ဖြင့် တိုက်ခိုက်ရသောပညာများလည်းရှိသည်။ တချို့ကို မြန်မာ့အကပညာရပ်များတွင် မြှုပ်နှံထားသည်။

တစ်ဖက်ရန်သူ၏ ထိုးနှက်ချက်ကို လက်နှစ်ဖက်ဖြင့် ကာ၍ဖျက်ပစ်နိုင်သော လက်ဆစ်လှည့်အက၊ ကိန္နရာကျောက်ကြည့်ဟန်အက၊ လိမ်ထားသောလက်များကို အလိုက်သင့်ဖြေထုတ်နိုင်သော ဆီမီးခွက်အက၊ တစ်ဖက်ရန်သူအားခေါင်းတွင်စိုက်ထားသော ဆံထုံးဖြင့် လက်တစ်ဖက်ဖြင့် ပစ်ပေါက်ခြင်း၊ လက်နှစ်ဖက်ဖြင့် ပစ်ပေါက်ခြင်းဖြင့် တိုက်ခိုက်သော ပန်းစိုက်အကနှစ်မျိုး၊ တစ်ဖက်ရန်သူ၏ တိုက်ကွက်ကို ပုတ်နိုင်ပယ်နိုင်သော မှန်တော်ရှုအက၊ တစ်ဖက်ရန်သူ၏ လည်မျိုနှင့်မျက်လုံးကို ထိုးဖေါက်နိုင်သော ကျောက်ကောက်အက၊ တစ်ဖက်ရန်သူ၏ ခြေထောက်အား ကန်ချိုးသည့် တစ်ပင်တိုင်ကကွက်၊ တစ်ဖက်ရန်သူအားတိုက်ခိုက်ရင်း သွက်လက် စွာရှောင်တိမ်းနိုင်သည့် မင်းသားလက်အက၊ ရန်သူကိုကျောပေး၍ တံတောင်နှင့်တွက်သည့် အတောင်ပံခတ်၍ ကသောငှက်အက အစရှိသည်ဖြင့်ပါဝင်၏။

ဂဠုန်၊ ကြောင်၊ ဗျိုင်း၊ စွန်၊ မျောက်၊ မြွေစသော တိရစ္ဆာန်တို့၏ဟန်ဖြင့် တိုက်ခိုက်သောပညာများမှာလည်း တိုင်းတစ်ပါးပညာများမဟုတ် ရှေးမြန်မာ့ပညာစစ်များဖြစ်ကြသည်။ (မှတ်ချက်။    ။ယခုကျွန်တော်တင်ပြထားတဲ့ ပွဲကျောင်းပညာအကျဉ်းဟာ ဆရာမင်းသိင်္ခရေးသားခဲ့တဲ့ “ပြောထုံးဖြစ်အောင်ငနက်ခေါင်” စာအုပ်မှ ကောက်နုတ်ထားခြင်းပါ။ သုံးပုံဖဲ၊ စစ်တုရင်ကွက်၊ အကဟန်များအား ပုံနှင့်တကွ လေ့လာလိုသူများ “ပြောထုံးဖြစ်အောင်ငနက်ခေါင်” စာအုပ်ကိုသာ ရှာဖွေဖတ်ရကြပါလို့ တိုက်တွန်းလိုက်ပါတယ်ဗျာ။)

 ဗဟုသုတရစေရန်နှင့် လေ့ကျင့်လိုသူများ အဆင်ပြေစေရန်အတွက် မှတ်သားထားသည်များမှ ပွဲကျောင်းပညာအကျဉ်းကို ဖော်ပြပေးလိုက်ပါသည်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

ယခုဆောင်းပါးကို e-book အနေနဲ့ ရယူလိုပါက ဒီနေရာမှာ Download ရယူနိုင်ပါတယ်။

မြန့်မာ့ရိုးရာလက်ဝှေ့ပညာကျင့်စဉ်များ -၂-

By Ko Soe Gyi

ဗန်တိုလက်သိုင်းအမာပိုင်းကျင့်စဉ်

ပထမအဆင့်

– သစ်သားမောင်းဆုံ (သို့) အဝကျယ်သံပုံးထဲတွင် ပထမအဆင့် အနေနှင့် သဲများထည့်၍ လက်ချောင်းများ စုထိုးခြင်း၊ ကားထိုးခြင်း၊ လက်ခေါက်ချွန် (အနုလက်သီး) (လက်သီးဆုပ်၍ လက်ခလယ်ကို အနည်းငယ်ချွန်၍ ရှေ့သို့ထုတ်ထားသည့်လက်သီး) နှင့်ထိုးခြင်း၊ လက်သီးနှင့်ထိုးခြင်း တို့ကို တစ်နေ့လျှင် အချက်(၅၀)စီ ထိုးနှက်လေ့ကျင့်ပေးရမည်။ လက်စုထိုးခြင်း၊ လက်ဖြန့်ထိုးခြင်း၊ လက်ခေါက်ချွန်ထိုးခြင်း၊ လက်သီးထိုးခြင်း တစ်မျိုးလျှင်(၅၀)၊ လေးမျိုးပေါင်းအချက်(၂၀၀)စီ ဖြစ်သည်။ ဤ ပထမအဆင့် ကို သုံးလတိတိ ရက်ပေါင်း(၉၀) နေ့စဉ်မပျက်မကွက် လေ့ကျင့်ရမည်။

Myanmar Traditional Boxing Techniques

Myanmar Traditional Boxing Techniques

– လေ့ကျင့်ပြီးတိုင်း မိမိ၏ဆီးများထည့်ထားသောခွက်ထဲတွင် လက်နှစ်ဖက်ကို နာရီဝက်စိမ်ထားရမည်။ နာရီဝက်စိမ်ပြီးလျှင် အပြင်တွင် နောက်ထပ်နာရီဝက်ထားပြီးမှ လက်ကိုရေဆေးရမည်။ ဆီး (သို့) ကျင်ငယ်ရေနှင့် မစိမ်ချင်လျှင် ဆေးဖက်ဝင်ဆေးမြစ်၊ ဆေးခေါက်၊ ဆေးရွက် များနှင့် ပြုလုပ်ဖော်စပ်ထားသော ဒဏ်ကြေဆေးရည်ကောင်းကောင်းထဲတွင် စိမ်ပါ။

ဒုတိယအဆင့်

ဒုတိယအဆင့် တွင် ဆန်များကိုထည့်၍ ပထမအဆင့်မှာကဲ့သို့ပင် လက်ချောင်းစုထိုးခြင်း၊ ကားထိုးခြင်း၊ လက်ခေါက်ချွန်၊ လက်သီးဆုပ်တို့နှင့် ထိုးခြင်းတို့ကို တစ်မျိုးလျှင် အကြိမ်(၅၀)စီ ထိုးနှက်လေ့ကျင့်ရမည်။ ဆန်များကို မှုန့်သွားသည်အထိ နေ့စဉ်ရက်ဆက် မပျက်မကွက် ထိုးနှက်လေ့ကျင့်ပေးရမည်။ ဆန်များမှုန့်သွားလျှင် ဆန်အသစ်ထပ်ထည့်၍ မှုန့်သွားသည်အထိ ထပ်မံလေ့ကျင့်ပါ။ ဒုတိယအကြိမ် ထပ်ထည့်သော ဆန်များမှုန့်သွားအောင် ထိုးနှက်လေ့ကျင့်ပြီးပါက ဒုတိယအဆင့် အောင်မြင်ပြီဖြစ်သည်။

တတိယအဆင့်

– နောက်ဆုံးအဆင့်ဖြစ်သော တတိယအဆင့် တွင် ဆန်ကာချထားသော ဆန်စေ့အရွယ် ခန့် ကျောက်စရစ်ခဲ (ကျောက်စရစ်ခဲများကို ဆန်ကာထဲတွင်ထည့်၍ ဆန်စေ့ချသလို ချလိုက်သောအခါ ဆန်ကာအောက်မှကျလာသော ကျောက်စရစ်ခဲအသေးများကို မိမိထည့်မည့် မောင်းဆုံ (သို့) အဝကျယ်သံပုံးထဲတွင် အပြည့်ထည့်ရမည်။ ဤအဆင့်သည် စစချင်းလေ့ကျင့်ရမည့် အတွက် ပြင်ဆင်ရသည်ပင် အလွန်ပင်ပန်းသည်) များကိုထည့်၍ ထိုးနှက်လေ့ကျင့်ခြင်း ကို ပြုလုပ်ရမည်။ ဤအဆင့်ကိုကျင့်ခါစတွင် မိမိ၏ လက်ချောင်း၊ လက်ခေါက်ချွန်၊ လက်သီးတို့နှင့် ထိုးနှက်သောအခါတွင် နာကျင်မှုကို အလွန်ခံစားရမည်။ ထို့ကြောင့် ဤအဆင့်ကို ကျင့်ခါစမှ တစ်လ (ရက်ပေါင်း ၃၀) ထိ၊ ပထမနှင့် ဒုတိယအဆင့် တို့ကဲ့သို့ အားမာန်ဖြင့် မထိုးဘဲ ခံသာရုံသာ အင်အားကို အလျှော့အတင်းပြုလုပ်၍ လေ့ကျင့်ရမည်။ တစ်လပြည့်၍ အသားကျသောအခါမှပင် အင်အားကို တိုး၍တိုး၍ လေ့ကျင့်သွားရမည်။ ဤအဆင့်တွင် လက်ချောင်းစု၊ ကားထိုးခြင်း၊ လက်ခေါက်ချွန်ထိုးခြင်း၊ လက်သီးဆုပ်ထိုးခြင်းတို့ကို ပထမနှင့် ဒုတိယအဆင့် ကဲ့သို့ တစ်ပေါင်းတည်းမလုပ်ရပေ။ လက်ချောင်းပြီးမှ လက်ခေါက်ချွန်၊ လက်ခေါက်ချွန်ပြီးမှ လက်သီး တစ်မျိုးစီသွားရမည် ဖြစ်သည်။

– ဤ တတိယအဆင့် တွင် လက်ချောင်းများနှင့် စုထိုးခြင်း၊ ကားထိုးခြင်းတို့ကို ကျောက်စရစ်များထဲသို့ တစ်မျိုးလျှင် အချက်(၅၀)စီ၊ နှစ်မျိုးပေါင်း အချက်(၁၀၀) နှင့် လက်နှစ်ဖက်ပေါင်း အချက်(၂၀၀) တိတိ လက်ကောက်ဝတ်မြုပ်သည်အထိ ထိုးထည့်နိုင်လျှင် လက်ချောင်းများနှင့် ထိုးနှက်ခြင်း အဆင့် အောင်မြင်ပြီဖြစ်သည်။

– လက်ခေါက်ချွန်နှင့် ထိုးနှက်လေ့ကျင့်သောအခါတွင်လည်း လက်တစ်ဖက်လျှင် အချက်(၅၀) နှင့် လက်နှစ်ဖက်ပေါင်း အချက်(၁၀၀) လက်သီးမြုပ်ဝင်သွားသည်အထိ ထိုးထည့်နိုင်မှ လက်ခေါက်ချွန် (အနုလက်သီး) အဆင့် အောင်မြင်မည်ဖြစ်သည်။

– လက်သီးနှင့်ထိုးနှက် လေ့ကျင့်သောအခါတွင် မိမိ၏ လက်သီးဖြင့် ထိုးလိုက်သည့်အရှိန်ကြောင့် သစ်သားမောင်းဆုံ (သို့) အဝကျယ်သံပုံးထဲတွင်ထည့်ထားသော ကျောက်စရစ်ခဲများ တစ်ဝက်တိတိ အပြင်သို့ စဉ်ထွက်ကုန်သည်အထိ ထိုးနှက်နိုင်မှ အောင်မြင်မည်ဖြစ်သည်။


– ဤကျင့်စဉ်သည် ရှေးမြန်မာတို့၏ အလွန်ပြင်းထန်သော ဗန်တိုလက်သိုင်း အမာပိုင်းကျင့်စဉ် တစ်ခုဖြစ်သည်။ ဇွဲလုံ့လနှင့် အပင်ပန်းခံနိုင်မှုတို့ ကောင်းမှသာ လေ့ကျင့်အောင်မြင်နိုင်မည်ဖြစ်သည်။ အများစုမှာ ဒုတိယအဆင့်တွင် လက်လျှော့သွားကြတာများသည်။ (ကျွန်တော်လည်း အပါအဝင်ပေါ့ဗျာ။)

– အလွန်ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ခိုက်ခြင်းအတတ်ပညာရပ်ကျင့်စဉ်တစ်ခုဖြစ်သည်။ ဤကျင့်စဉ်ကို သုံးဆင့်လုံးအောင်မြင်ပြီးသောသူတစ်ယောက်သည် တစ်ဖက်ရန်သူက မိမိထက် ခွန်အားဗလသာလွန်ကြီးမားသူဖြစ်ပါစေ၊ တစ်ချက်တည်းထိုးနှက်ရုံနှင့် သေသွားစေနိုင်အောင် စွမ်းဆောင်နိုင်သည်။ အဆင့်ကုန်မဆိုထားဘိ ပထမအဆင့်ကို အောင်မြင်အောင် လေ့ကျင့်ထားသော သူသည်ပင် မိမိထက် ခွန်အားဗလသာလွန်သောသူအား တစ်ချက်ဆိုတစ်ချက် အလွန်အထိနာသွားအောင် စွမ်းဆောင်နိုင်ပေသည်။ ထို့ကြောင့် ရှေးခေတ်ဗန်တိုပညာရှင်ကြီးများ သည် တပည့်တိုင်းကို သင်မပေးပဲ သည်းခံစိတ်ရှိပြီး၊ အနစ်နာခံလိုစိတ်ရှိသည့် တပည့်များကို သာ ရွေးချယ်သင်ကြားပေးသည့်ကျင့်စဉ်ဖြစ်သည်။ ဤကျင့်စဉ် အောင်မြင်သွားပြီဆိုလျှင် တိုက်ခိုက်ရေးပညာဘက်၌သာမက ကုသရေးအပိုင်းဖြစ်သည့် အနှိပ်ပညာ၊ အကြောကိုင်ပညာ တို့အတွက်ပါ အလွန်အသုံးဝင်သည့်ကျင့်စဉ်ဖြစ်သည်။


အထူးသတိပြုရန်

– ဤကျင့်စဉ်ကိုလေ့ကျင့်ရာတွင် ပထမ၊ ဒုတိယ၊ တတိယကျင့်စဉ်များကို နေ့စဉ် မပျက်မကွက်လေ့ကျင့်ရမည်။ ရက်မပျက်ရ။ ရက်ပျက်လျှင် အစကနေ ပြန်လေ့ကျင့် ရမည်။ လေ့ကျင့်ပြီးတိုင်း မိမိ၏ ဆီး (သို့) ကျင်ငယ်ရည် (သို့) ဒဏ်ကြေဆေးရည်များထဲတွင် နာရီဝက် – မိနစ်(၃၀)တိတိ စိမ်ပေးရမည်။ စိမ်ပြီးလျှင် အပြင်တွင် နာရီဝက်တိတိ ဘာမှမထိမကိုင်ဘဲ ထပ်ထားပြီးမှ ရေဆေးရမည်။ ကျင့်စဉ်ကိုကျင့်ကြံနေစဉ်အတွင်း အပူ၊ အစပ်ဖြစ်သော အစားအစာများနှင့် ငရုတ်သီးကို လုံးဝမစားရ။ အရက်၊ ဆေးလိပ်၊ ကွမ်း လုံးဝမသောက်ရ၊ မစားရ။ ဤအချက်များကို မလိုက်နာနိုင်လျှင် လုံးဝမကျင့်ပါနှင့်။ မလိုက်နာနိုင်ဘဲ လေ့ကျင့်မိပါက မိမိတွင် ခန္ဓာကိုယ်တွင်း အတွင်းဒဏ် အပြင်းအထန်ဖြစ်၍ မရှုမလှဒုက္ခဖြစ်မည်။


စာကြွင်း – ဤကျင့်စဉ်မှာ ကျွန်တော့်ဆရာသမား ကျွန်တော့်အား ပေးခဲ့သော လက်ရေးမူများထဲမှ နည်းစနစ်တစ်ခုဖြစ်သည်။ ကျွန်တော့်ရဲ့ဆရာသမားကလည်း ဤကျင့်စဉ်ကိုကျင့်မည် ဆိုလျှင် ဖော်ပြထားသည့် လိုက်နာရန်များကို အတိအကျလိုက်နာရန် ထပ်ဆင့် သတိပေးပြောကြားသေးသည်။ ထို့အပြင် အကောင်းဆုံးက မိမိကို ထိန်းသိမ်းနိုင်မည့် ဆရာသမားဖြင့်လေ့ကျင့်တာ အကောင်းဆုံးဟု ပြောကြားခဲ့သည်။ ဤကျင့်စဉ်ကို အစတွင် ကျွန်တော်ပြန်လည်ဖော်ထုတ် ရေးသားပေးရန်မရှိပါ။ သို့သော်လည်း ကိုယ့်လူမျိုး ၏ ရှေးဟောင်းအမွေအနှစ်ပညာတစ်ခုကို ပျောက်ကွယ်သွားမည်စိုးသည့်အတွက် ဝါသနာရှင်၊ ပညာရှင်များလေ့ကျင့်ရန် (သို့) လေ့လာနိုင်ရန်အတွက် ပညာကိုသေရွာမယူစတမ်း ကျွန်တော်လေ့လာစုဆောင်းသမျှထဲက မျှဝေလိုက်ပါသည်။


Downloadမြန့်မာ့ရိုးရာလက်ဝှေ့ပညာကျင့်စဉ်များ-၁- နှင့် -၂- တို့ကို စာအုပ်အနေနှင့် ကျကျနန သိမ်းဆည်းလိုသူ၊ ဖတ်ရှုလိုသူများ ဒီမှာ download ဆွဲပြီး ကူးယူနိုင်ပါပြီဗျာ…

ရွှင်လန်းချမ်းမြေ့ကြပါစေ။


မြန့်မာ့ရိုးရာလက်ဝှေ့ပညာကျင့်စဉ်များ -၁-

မြန့်မာ့ရိုးရာလက်ဝှေ့ပညာကျင့်စဉ်များ -၁-

By Ko Soe Gyi

Lethwei - Myanmar Boxing

Lethwei – Myanmar Boxing

– လက်သီးထိုးအားကောင်းအောင် ရေကို စတီး (သို့) သံခွက်နှစ်လုံးနှင့် နည်းမျိုးစုံသုံးပြီး ပက်တင်ပါ။

– လက်သီးထိုးချက်ပြင်းအောင် လက်ထောက်မတင် (သို့) ဒိုက်ထိုးသည့် ပုံစံအတိုင်း ကျောက်စရစ်ခဲ များ ကင်းရှင်း၍ မာကျောခြင်း မရှိသော မြေပြင်ပေါ်တွင် လက်သီးဆုပ်ဖြင့်ထောက်ပြီး ဒိုက်ထိုးပုံစံအတိုင်းနေပါ။ အသက်ကို ဖြည်းညင်းစွာ ရှူသွင်းပါ။ ထို့နောက် ရှူထုတ်လိုက်သောအခါတွင် လက်သီးနှစ်ဖက်ကို အပေါ်သို့ မြှောက်လိုက်ပါ။ တစ်နည်းအားဖြင့် ခြေထောက်ဖြင့်ခုန်သလို လက်သီးနှစ်ဖက်အားခုန်ခြင်း ဖြစ်သည်။ ထိုသို့ခုန်ရာတွင် ခြေထောက်များကို လိုက်၍မမြှောက်ရပါ။ ပုံမှန်အတိုင်း မြေပေါ်တွင် ဆန့်ထားပါ။ လက်သီးနှစ်ဖက်ကို အပေါ်သို့ မြှောက်ပင့်ခုန်လိုက် သဖြင့် ပြန်ကျသောအခါ မြေပြင်ကို အရှိန်နှင့်ကျမည်ဖြစ်သဖြင့် မှောက်ခုန်ရာတွင် ကိုယ့်ရဲ့ခံနိုင်အားကို ချိန်ဆပြီးမှသာ ပြုလုပ်ပါ။ ဤလေ့ကျင့်စဉ်ကို စတင်ပြုလုပ်ခါစတွင် (၁၀)ကြိမ်သာ ပြုလုပ်ပါ။ (၅)ရက်လုပ် တစ်ရက်နားပါ။ ဤသို့ လေ့ကျင့်၍ ရက်ပေါင်း(၃၀) ပြည့်သောအခါ (၅)ကြိမ်တိုးပါ။ (၅)ရက်လုပ် တစ်ရက်နား၊ ရက်(၃၀) ပြည့်တိုင်း (၅)ကြိမ်တိုးဖြင့် အကြိမ်ရေ(၅၀)ထိ လုပ်နိုင်အောင်လေ့ကျင့်ပါ။ သတိပြုရန်မှာ အကြိမ်(၅၀) ပြုလုပ်နိုင်သောအခါ နောက်ထပ် အကြိမ်ရေ ထပ်မတိုးပါနဲ့တော့။ “ငါလုပ်နိုင်ပါတယ်” ဆိုပြီး ဇောကြီးစွာနှင့် ထပ်မတိုးပါနဲ့။ ကိုယ်တိုင်လေ့ကျင့်ခဲ့ရ သည့် အမာပိုင်းလေ့ကျင့်စဉ်ဖြစ်သောကြောင့် မေတ္တာရပ်ခံရခြင်းဖြစ်ပါတယ်။ ငယ်စဉ်က မာန်နှင့် လုပ်နိုင်တယ်ဆိုပြီး အကြိမ်ရေများစွာလုပ်နိုင်အောင် ဆရာသမားစကား နားမထောင်ဘဲ ပြုလုပ်ခဲ့ သဖြင့် ဒုက္ခဖြစ်ခဲ့ရပါတယ်။ ဒါ့ကြောင့် အကြိမ်(၅၀)ထက် ပိုပြီးတော့မလုပ်ပါနဲ့မိတ်ဆွေ။ အကြိမ်ရေ(၅၀) လုပ်နိုင်ပြီဆိုပါက (၅)ရက်လုပ် တစ်ရက်နားဖြင့် ပုံမှန် အကြိမ်(၅၀)သာ ပြုလုပ်သွားပါ။ မိတ်ဆွေရဲ့ လက်သီးထိုးချက်များ မယုံနိုင်အောင် ပြင်းထန်လာတာကို တွေ့ရပါလိမ့်မည်။ ဤလေ့ကျင့်စဉ်သည် ရှောင်လင်ကျင့်စဉ် အမှတ်(၄၃)  ချောင်းနေသောကျား ကျင့်စဉ်နှင့် ဆင်တူသည်။ ချောင်းနေသောကျား ကျင့်စဉ်မှာမူ အဆင့်တွေ အနည်းငယ် ပိုပါသည်။

– လက်ခုံ၊ လက်ဝါး နှင့်  လက်ဝါးစောင်း အရိုက်သန်အောင် ခြေသုတ် ကြိုးခွေ၊ ခြေသုတ်အုန်းဆံခွေတို့ကို ရိုက်ကျင့်ပါ။

– ဒူးတိုက်ပိုင်နိုင်အောင် ထင်း၊ သစ်သား (လူတစ်ယောက် ချိုးနိုင်သော အရွယ်အစား) ကို လက်နှစ်ဖက်နဲ့ကိုင်၍ ချုပ်ဒူးတိုက်သည့်အတိုင်း တိုက်ချိုး၍ ကျင့်ပါ။ (ကျွန်တော့်မိဘတွေက သစ်ခွဲစက်လုပ်တဲ့သူတွေဆိုတော့ လက်ဝှေ့သင်ခါစက ဒီဒူးတိုက်တာကို စက်ထဲသွားပြီး ထင်းချောင်းလေးတွေနဲ့ ကျင့်တာပေါ့ဗျာ။ လွယ်တယ်ထင်ပေမယ့် တကယ်ကျင့်တဲ့အခါကျ မလွယ်ဘူးဗျ၊ တော်တော်ကျင့်ယူရတယ်။)

– ခြေထောက်တွေသန်အောင် ဒူးလောက်နက်သော ချောင်းရေထဲတွင် ဆန်၍ပြေးပါ။ ဒူးလောက်အနက်တွင် ပြေးနိုင်လာပါက ခါးအထိနက်သောနေရာတွင် ပြေးပါ။ ထို့နောက် ရင်စို့အနက်ထိ တိုး၍ပြေးပါ။ အကယ်၍ ကိုယ်နေထိုင်ရာနေရာမှာ ချောင်း၊ မြစ်မရှိပါက ရှိပါသော်လည်း အန္တရာယ်များပါက၊ မြေပြန့်တွင် ခြေထောက်အား အလေးပတ်၍ ပြေးခြင်း၊ တောင်တက် ၍ ပြေးခြင်းတို့အား ပြုလုပ်ပါ။

– ခန္ဓာကိုယ်ကို အရိုက်အနှက်ခံနိုင်အောင် ချောင်းရေ၊ မြစ်ရေထဲသို့ အမြင့်မှ ခန္ဓာကိုယ် အရှေ့ပိုင်း၊ နောက်ပိုင်း၊ ဘေးပိုင်းစသည်တို့နှင့် ရေနှင့်ရိုက်မိအောင် ခုန်ချပါ။ စစချင်း တစ်ပေအမြင့်မှ စကျင့်ပါ။ ခံနိုင်လာပါက တဖြည်းဖြည်းတိုး၍ ခြောက်ပေအမြင့်ကနေ ခုန်ချ၍ကျင့်ပါ။ (ရေနှင့်ကျင့်တာပဲ လွယ်တယ်လို့မထင်နဲ့မိတ်ဆွေ။ ကျွန်တော့်မိဘများ နေထိုင်ရာ ပွင့်ဖြူဆိုတဲ့ တောမြို့လေးမှာ မုန်းချောင်းရှိတယ်၊ အဲဒီမှာ ကျွန်တော် ကျင့်ခဲ့တာပေါ့။ စစကျင့်ချင်းက ရေထဲခုန်ချကျင့်တာ အလွန်စပ်တယ်ဗျ၊ နာတာထက်ဆိုးတယ်။) ရေနှင့်ခံနိုင်ရည်ရှိလာသောအခါ သဲပြင်ပေါ်သို့ပစ်ချ၍ ကျင့်ပါ၊ တစ်ပေကနေစ၍ကျင့်ပြီး၊ သုံးပေအမြင့်ထိကနေ ခုန်ပစ်ချ၍ပဲ ကျင့်ပါ။ လေးပေ၊ ငါးပေ၊ ခြောက်ပေအမြင့်တွေကနေ မလုပ်ပါနဲ့။ မရှုမလှ ခံသွားရပါလိမ့်မယ်ဗျာ။ ဒီလေ့ကျင့်စဉ်ကို ကျင့်၍ ကြာသောအခါ အရေပြားတွေထူလာပြီး တော်တန်ရုံထိုးချက်၊ ရိုက်ချက်တွေကို မဖြုံတော့ပါ။

– လက်ဖျံများ၊ ခြေသလုံးရိုးများကို သန်မာ၍ ခံနိုင်ရည်ရှိလာအောင် ပထမ သစ်ကိုင်းလေးများ စုစည်း၍ လက်ဖျံ၊ ခြေသလုံးတို့ကို ခပ်သာသာလေး ရိုက်ကျင့်ပေးပါ။ ခံနိုင်လာပါမှ အားအနည်းငယ်စီတိုး၍ ရိုက်ပါ။ အချက်သုံးဆယ်လောက် မိမိအားနဲ့ ရိုက်နိုင်လာပါက ဝါးလုံးမာမာတစ်တောင်ခန့်အရွယ်နှင့် ခပ်သာသာလှိမ့်၍ကျင့်ပါ။ တဖြည်းဖြည်းအားစိုက်ဖိလှိမ့်၍ ကျင့်ပါ။ နောက်ဆုံးအဆင့်အနေဖြင့် လွှစာ၊ သဲ၊ ကျောက်စရစ်ခဲ အနည်းငယ်တို့ ရောထားသောအိတ်အား ကန်၍ကျင့်ပါ။ (ကျွန်တော်ကတော့ နောက်ဆုံးအဆင့်ကို မကျင့်ခဲ့ရပါဘူး။ အဲဒီအစား “သံမဏိလက်သီး” ရဲ့ ခြေကန်ကျင့်နည်းကိုပဲ ကျင့်ခဲ့တာပါ။)


– ရှေးမြန်မာ့လက်ဝှေ့သမား တွေထဲမှာ သံမဏိလက်သီး ထိလိုက်တိုင်းကွဲ လို့ အမည်ရတဲ့ လက်ဝှေ့သမားကြီးတစ်ယောက်ကို ကြားဖူးကြပါသလားမိတ်ဆွေတို့။ သူ့ရဲ့ လက်သီးထိုးလေ့ကျင့်စဉ်လေးကိုပါ တစ်လက်စတည်း ဝေမျှလိုက်ပါတယ်။ သံမဏိလက်သီး ဟာ အရပ် ငါးပေနှစ်လက်မ သာရှိပြီး သူ့ခေတ်လက်ဝှေ့သမားတွေထဲမှာ လူလုံးလူဖန်သေးတဲ့ သူတစ်ယောက်ပါ။ ဒါပေမယ့် သူ့ဘဝတစ်လျှောက် ထိုးသတ်ခဲ့တဲ့ ပွဲတိုင်းမှာ ရှုံးနိမ့်ခြင်းမရှိခဲ့ပါဘူး။ သရေတစ်ပွဲသာရှိခဲ့ပြီး ကျန်တဲ့ပွဲတွေအားလုံးမှာ အပြတ်အသတ်နိုင်ခဲ့တာချည်းပါပဲ။ သူ့လက်သီးနဲ့ ထိုးလိုက်တိုင်း တစ်ဖက်ပြိုင်ဘက်ကို ဘယ်နေရာထိထိ သူ့လက်သီးချက်ထိလိုက်တဲ့နေရာတိုင်းဟာ ကွဲထွက်သွားတာချည်းပါပဲ။ ဒါ့ကြောင့်လဲ သံမဏိလက်သီး ထိလိုက်တိုင်းကွဲ ဆိုတဲ့ အမည်ရခဲ့တာပါ။ သူ့ရဲ့ ဖြတ်လက်သီးကျင့်နည်း နှင့် ခြေကန်ကျင့်နည်း ကိုလဲ အောက်မှာ ဖော်ပြပေးသွားပါမယ်။

– ငါးလက်မ၊ ခြောက်လက်မပတ်လည် တိုင်တစ်ခုတွင် အုန်းဆံဖတ် (အုန်းသီးခွံ) များအား ကိုယ့်ရဲ့ လက်သီးနှစ်ဖက်ရှေ့သို့ထိုးရန် အနေတော်အမြင့်တွင်ကပ်၍ချည်ထားပါ။ ထို့နောက် လက်ဝှေ့သမားတို့ အသင့်ပြင်ထားသည့် ပုံစံအတိုင်းနေပါ။ အသက်ရှူသွင်းလိုက်ပါ။ အသက်ကို ရှူထုတ်လိုက်သည့်အခါ လက်သီးကိုချည်ထားသည့် အုန်းဆံဖတ်သို့ ထိုးလိုက်ပါ။ ဖြောင့်လက်သီးထိုးနည်းနှင့် ထိုးရမည်။ လက်သီးနှင့် အုန်းဆံဖတ်ကိုမိမိရရထိုးမိသည့်အခိုက် လက်သီးကိုပြန်ရုပ်လိုက်ပါ။ ဤသို့ပြန်ရုပ် သည့်အခါတွင် သတိထားရမည်မှာ လက်သီးနှင့်အုန်းဆံဖတ်မိမိရရထိုးမိမှ ပြန်ရုပ်ပါ။ မထိုးမိဘဲ ပြန်မရုပ်ပါနှင့်။ တကယ်ထိုးသတ်သည့်အခါ အခက်တွေ့တတ်ပါတယ်။ မြန်ဆန်ရန် မလိုပါ။ အလေ့အကျင့်ရလာသည့်အခါ အလိုအလျောက်မြန်ဆန်လာပါလိမ့်မည်။ လောမကြီး ပါနဲ့၊ အေးဆေးစွာသာ လေ့ကျင့်ပါ။ လောကြီး၍ မြန်ဆန်စွာ လေ့ကျင့်ပါက မထိရောက်သည့်အပြင် တကယ်ထိုးသတ်သည့်အခါနှင့် လမ်းပေါ်ကရန်ပွဲများတွင် အခက်အခဲ တွေ့ရုံသာမက ဒုက္ခဖြစ်လိမ့်မည်။ ဤကဲ့သို့လေ့ကျင့်ခြင်းအား အစပိုင်းတွင် မိမိထိုးနိုင်သည့် အကြိမ်အရေအတွက်သာ ထိုးပါ။ မထိုးနိုင်သည့်အခါ ရပ်လိုက်ပါ။ စိတ်လိုက်မာန်ပါ ပြုလုပ်ပါက ဒဏ်ဖြစ်တတ်ပါသည်။ ဘယ်၊ ညာတစ်လှည့်စီ ထိုးပါ၊ ဘယ်၊ ညာနှစ်ဖက်ပေါင်း အကြိမ်ရေ(၁၀၀) ရသည်အထိ ပင်ပန်းမှုမရှိဘဲ ထိုးနိုင်အောင် လေ့ကျင့်ပါ။ (၁၀၀)ထက်ပိုပြီး အကြိမ်ရေ မတိုးပါနှင့်။

ဖြတ်လက်သီးထိုးနည်း

– ဖြတ်လက်သီးကို အနီးကပ်သတ်ပွဲများတွင် အသုံးပြုခြင်းဖြစ်သည်။ (ဥပမာ- မျက်နှာချင်းဆိုင် ရပ်၍နေသောရန်သူအား ထိုးခြင်းနှင့် ပူးကပ်လုံးထွေးနေသည့် အချိန်တို့တွင် ဖြတ်လက်သီးကို အသုံးပြုကြသည်။ ဖြတ်လက်သီးကို ဒေါင်လိုက်လက်သီး၊ ဖြောင့်လက်သီး၊ ဝိုက်လက်သီး အဆင်ပြေသလို သုံး၍ရသည်။)

– ငါးလက်မ၊ ခြောက်လက်မပတ်လည် တိုင်တစ်လုံးတွင် ပုဆိုးကို ခေါက်၍ကပ်ပြီး အပေါ်ဘက်နှင့် အောက်ဘက်တို့တွင် ကြိုးနှင့်တိုင်ကို ကပ်ချည်ထားပါ။ အသင့်ပြင်ပုံစံအတိုင်းနေပြီး မိမိညာလက်ကိုဖြန့်၍ လက်ချောင်းထိပ်ဖျားများသည် ပုဆိုးနှင့်ခပ်ဖွဖွထိနေပါစေ။ ထို့နောက် အသက်ကိုဖြည်းညင်းစွာ ရှူသွင်းလိုက်ပါ။ အသက်ရှူထုတ်သည့်အခါတွင် လက်သီးဆုပ် ၍ ဒေါင်လိုက်လက်သီးဖြင့် ထိုးထုတ်လိုက်ပါ။ ပစ်မှတ်နှင့်လက်သီး ထိမိသည့်အခါ လက်သီးကိုပြန်ရုပ်၍ ခါးတွင်ကပ်လိုက်ပါ။ ထို့နောက် ဘယ်လက်သီးဖြင့် အထက်ဖော်ပြပါအတိုင်း ထိုးပါ။ ညာ၊ ဘယ် တစ်လှည့်စီ အေးဆေးဖြည်းညင်းစွာ ထိုးကျင့်ပါ။ လက်သီးနှစ်ဖက်ပေါင်း အကြိမ်ရေ(၁၀၀) ရသည်အထိ ထိုးနိုင်အောင် ကျင့်ပါ။ ထိုသို့ အကြိမ်ရေ(၁၀၀)ထိ သက်တောင့်သက်သာ ထိုးနိုင်လာပါက ချည်ထားသည့်ပုဆိုးအား အခေါက်တစ်ခေါက်ဖြေ၍ (အဝတ်ဆိုပါက တစ်ထပ်လျှော့၍) တစ်လထိုးပါ။ နောက်ဆုံး ပုဆိုး (သို့) အဝတ်မပါပဲ ထိုးနိုင်လာသည်အထိ ကျင့်ပါ။ (ဖြတ်လက်သီးထိုးနည်း တော်တော်အသုံးဝင်ပါတယ်။ စွမ်းရည်ပြပွဲများ တွင် သစ်သားပြားကို အနီးကပ်ဆတ်ပြီး ထိုးခွဲခြင်းကို ဤဖြတ်လက်သီးထိုးနည်းကို ကောင်းမွန် စွာ လေ့ကျင့်ထားသူဟာ ပြုလုပ်နိုင်ပါတယ်။)

သံမဏိလက်သီး၏ခြေကန်လေ့ကျင့်စဉ်

– ကိုယ့်ရဲ့ ခြေဖျားကနေ ခါးအထိအမြင့်ကို တိုင်းပါ၊ နောက်ထပ် လေးပေထပ်ပေါင်းပါ။ (ကိုယ့်ရဲ့ ခြေဖျားကနေခါးအထိ အမြင့်သုံးပေရှိတယ် ဆိုပါစို့။ နောက်ထပ် လေးပေထပ်ပေါင်းပါက ခုနှစ်ပေ) ခုနှစ်ပေရှည်တဲ့ ငါးလက်မ၊ ခြောက်လက်မပတ်လည် အလုံးဖြောင့်တိုင်လုံး တစ်လုံးကို မြေကြီးထဲတွင် သုံးပေအနက် တွင်းတူး၍ စိုက်ပါ။ ဒါဆိုမြေပေါ်မှာ တိုင်ဟာလေးပေ ပေါ်နေပါလိမ့်မည်။ မြေပေါ်ပေါ်နေတဲ့ တိုင်ကို အဝတ်စများဖြင့် ငါးလက်မ အထူရအောင် ကျကျနနစည်းပါ။ ဤသို့ပြုလုပ်ပြီးပါက ခြေကန်ကျင့်ရန် ရပါပြီ။ ထိုတိုင်ရှေ့တွင် လက်ဝှေ့ခင်းသည့်ပုံစံအတိုင်း ရပ်နေပါ။ အသက်ကို ဖြေးညင်းစွာ ရှူသွင်းပါ။ ရှူထုတ်လိုက်သည့် အခါတွင် ခြေကို ပတ်ခြေကန်နည်းအတိုင်း ခြေခွင်ဖြင့် ဝိုက်ကန်လိုက်ပါ။ စစချင်းတွင် အားစိုက်၍ မကန်ပါနဲ့။ အနေတော်အားထည့်၍သာ ကန်ပါ။ ဘယ်၊ ညာတစ်ဖက်စီ ဆယ်ကြိမ်ကန်ပါ။ ထို့နောက် ခြေခုံဖြင့် ပြောင်းကန်ပါ။ ခြေခုံဖြင့် ဘယ်၊ ညာ ဆယ်ကြိမ်စီ ပတ်ခြေကန်နည်းအတိုင်း ကန်ပြီးလျှင် ခြေစောင်းဖြင့် ဘေးတိုက်ကန်နည်းအတိုင်း ကန်ပါ။ ဤသို့ကန်ခြင်း အား ခြေခွင်၊ ခြေခုံ၊ ခြေစောင်းတို့ဖြင့် ဘယ်၊ ညာတစ်ဖက်လျှင် ဆယ်ကြိမ် ကန်ကျင့်ပါ၊ သုံးလကြာလျှင် စည်းထားသော အဝတ်များအား တစ်လက်မ လျှော့လိုက်ပါ။ သုံးလပြည့်တိုင်း တစ်လက်မ စီလျှော့ရင်း နောက်ဆုံး အဝတ်များ လုံးဝမရှိတော့ဘဲ တိုင်လုံးချင်း ကန်နိုင်သည့် အဆင့်အထိရောက်အောင်ကျင့်ပါ။ ထိုအဆင့်ထိရောက်လျှင် မိတ်ဆွေရဲ့ ကန်ချက်တွေ ဟာ ကြောက်စရာကောင်းအောင် ပြင်းထန်လာပါလိမ့်မည် ဖြစ်ပါတယ်ဗျာ။ အဝတ်ငါးလက်မအထူနဲ့ သုံးလကျင့်ပြီးရင်ကိုပဲ ကန်ချက်တွေဟာ တော်တော်ပြင်းထန်နေပါပြီ။ (ကျွန်တော်ကတော့ အဝတ်ကို နှစ်လက်မထိလျှော့ပြီး သုံးလကျင့်ပြီး ခုချိန်ထိ ဤကန်နည်းကို မကျင့်ဖြစ်တော့ပါ။ တစ်ခါတစ်ရံ မြတ်စောညီနောင်အဖွဲ့က “သမထ”ဆန်သည့် ကန်နည်းကိုသာ ဆရာကြီးများကဲ့သို့ တိုင်ပေါ်တွင် မဟုတ်ဘဲ ကြမ်းပြင်ပေါ်တွင်သာ ကျင့်ဖြစ်ပါတော့တယ်။)


တွဲလုံး၊ ထိုးလုံးများ အရှိန်ကောင်းအောင် တွဲလောင်းချိတ်ထားသော ခရမ်းသီး (သို့) ကလေးကန်သည့် ဘောလုံးအရွယ် ကျစ်လျစ်စွာ လုံးထားသည့် အဝတ်လုံးများ၊ ခုခေတ်မှာဆိုရင်တော့ အားကစားဆိုင်များတွင် ဝယ်ယူနိုင်သည့် ထက်အောက် ကြိုးပါသောဘောလုံး (လက်သီးအမြန်ထိုးသည့် ဘောလုံးမဟုတ်၊ ကျွန်တော်ရန်ကုန်ရောက်တုန်း ဝယ်တုန်းကတော့ တစ်လုံးကို နှစ်သောင်းပေးရပါတယ်။ ဆိုင်လိပ်စာ လိုချင်လျှင်တော့ ပြန်ရှာပေးပါမယ်) ဆယ်လုံးကို ခြေ၊ လက်၊ တံတောင်၊ ဒူးအတွဲစုံနှင့် ထိအောင် ထိုးသတ်လေ့ကျင့်ရမည်။ ကျင့်ဖန်များလာသော် အရှိန်ကောင်းလာသလို ဟန်ချက်တွေပါ ကောင်းလာ၏။

– တွဲလုံးများ ပိုင်နိုင်လာအောင် လက်သီးနောက်က တံတောင်၊ တံတောင်နောက်က ပခုံး၊ ပခုံးနောက် ခေါင်း (ချိုစောင်း) နှင့် ဆက်တိုက်ပြီးလျှင် ဖမ်းချုပ်နည်း၊ ပင့်ဒူး၊ ဝိုက်ဒူး၊ ဒူးစုံကျင့် ထို့နောက် ခါးပေါ်ပေါက်ချ စသည်ဖြင့် တွဲလုံးများ၊ ချုပ်နည်းများ၊ ကိုင်ပေါက်နည်းများအား ကျင့်ဖက်မပါပဲ တစ်ကိုယ်တည်း အမြဲကျင့်ပါ။

– ဟန်ချက်များနှင့် ထိုးသတ်ချက်များ ပိုမိုအားကောင်းစေရန် ပထမ ခါးလောက်နက်သော ရေထဲတွင် လက်သီးထိုး၊ ခြေကန်၊ တွဲလုံးများကို ရေဆန်ကို မျက်နှာမူ၍ ကျင့်ပါ။ ရေစီးနှင့် မျောမပါသွားအောင် ကျင့်နိုင်သောအခါ ရင်ဘတ်အထိနက်သောရေတွင် ကျင့်ရမည်။ (ချောင်း၊ မြစ်မရှိလည်း ရေကူးကန်မှာ ကျင့်ပေါ့ဗျာ…၊ ဒါမှမဟုတ်ရင်လဲ ကျွန်တော်ကျင့်တဲ့နည်းလေး ပြောပါ့မယ်။ ယောဂကျင့်စဉ်တွေထဲက သစ်ပင်သဏ္ဍာန်ကျင့်စဉ် (Tree Posture) ကို အရင်ကျင့်ဗျာ။ ငါးမိနစ်လောက် နေနိုင်လာပြီဆို ဟန်ချက် တော်တော်ထိန်းနိုင်ပါတယ်။ နောက်တော့ အဲဒီအတိုင်းရပ်ပြီး လက်သီးထိုး၊ ခြေကို တစ်ဖက်ခြင်း ဒဲ့ဖနောင့်၊ ပတ်ခြေ၊ တို့ကို အားသိပ်မစိုက်ဘဲ ဖြည်းဖြည်းကျင့်ပါ။ နောက်ပိုင်းကျမှ အားထည့်ပြီး ကျင့်ပါ။


သတိပြုရန်

– တိုက်ခိုက်ရေးပညာတွေ ကျင့်တဲ့အခါမှာ အများစုက လောကြီးပြီး တတ်ချင်ဇော များတယ်ဗျ။ စိတ်မလောပါနဲ့၊ တစ်ဆင့်ချင်း ဖြည်းဖြည်းကျင့်ပါ။ နည်းတစ်ခုကိုပိုင်နိုင်လာ မှ နောက်တစ်နည်း ပြောင်းကျင့်ပါ။ နောက်တစ်ခုက အငယ်ပိုင်းကလေးတွေက ဒီပညာသင်ပြီးရင် လမ်းပေါ်မှာ အစွမ်းပြချင်သဗျ။ သင်တန်းမှာ လေ့ကျင့်ဖော်နဲ့ ကျင့်တာ၊ ပြိုင်ပွဲတွေမှာ ပြိုင်တာတွေနဲ့ လမ်းပေါ်မှာက အများကြီး ကွာတယ်ဗျ။ အကွက်ဆွဲနေလို့ မရဘူ။၊ လက်နီးလက် ခြေနီးခြေ အသုံးပြုတတ်ရမယ်။ စိတ်အေးအေးထားနိုင်ရမယ်။ အဲ့ဒီလိုမဟုတ်ဘဲ ငါတတ်တယ်ဆိုပြီး လုပ်တော့ ခံလာရတာပဲ တွေ့ရတယ်ဗျ။ အဲဒီတော့ ပိုင်နိုင်အောင်ကျင့်ပါ။ ပွဲတိုးရတော့မယ်ဆို စိတ်အေးအေးထားပါ။

– နောက်ထပ်ပြောချင်တာက အခု ကျွန်တော်အထက်က ရေးခဲ့တဲ့ နည်းစနစ်တွေသာမက တခြားသော သိုင်းပညာတွေ အကုန်ပေါ့ဗျာ၊ မလေ့ကျင့်မီ အကြောလျှော့ပါ၊ လုပ်ပြီးလျှင်လည်း အကြောလျှော့ပါ။ အကြောတွေ တင်းနေရင် ဒဏ်ဖြစ်ရုံမကဘူး၊ ပြိုင်ပွဲတွေ၊ လမ်းပေါ်က သတ်ပွဲတွေမှာပါ အခက်တွေ့မှာပါပဲ။ အဲဒါကြောင့် ရင်ဆိုင်ရတော့မယ်ဆို စိတ်ရောကိုယ်ပါ လျှော့ချပြီး ရင်ဆိုင်ပါ။

– ကျွန်တော် ပထမဆုံး သင်ခဲ့ရတာ “လက်ဝှေ့” ပါပဲ။ တွဲလုံးတွေကတော့ အစမှာ ဆရာသင်ပေးတဲ့ အတိုင်း ကျင့်ရတာပါ။ နောက်ကျဆရာက နည်းစနစ်တွေကို အမြဲပုံသေမထားရဘူးလို့ ပြောပါတယ်။ တကယ်ချပြီဆို စနစ်အတိုင်း မသွားဘဲ အလျဉ်းသင့်သလိုလုပ်လို့ ပြောခဲ့ပါတယ်။

– အထက်မှာဖော်ပြခဲ့တဲ့ လက်သီးထိုးလေ့ကျင့်စဉ်သုံးခု နဲ့ ခြေကန်လေ့ကျင့်စဉ်တို့ကို ကျွန်တော်စကျင့်ရတုန်းက တော်တော်ကို စိတ်မရှည်ခဲ့တာပါ။ ဘာလို့ဆိုတော့ ကျွန်တော့်ဆရာက စစချင်း ဆယ်ကြိမ်စီပဲထိုးခိုင်း၊ ကန်ခိုင်း၊ ငါးရက်လုပ် တစ်ရက်နားခိုင်းပေါ့။ နောက်မှ သဘောပေါက်တော့တယ်။ ငါးရက်လုပ် တစ်ရက်နားခိုင်းတာဟာ ခန္ဓာကိုယ်ကို ပြန်အားဖြည့်ခိုင်းတာပါပဲ။ နို့မို့ဆို ကားတစ်စီး ဆီပြတ်တဲ့အခါ ဖြစ်သလို လူလဲအနားမပေးရင် ကောင်းကောင်း ဒုက္ခရောက်တာပါပဲ။ အဲဒါကြောင့် မိတ်ဆွေတို့ အထက်ပါ လေ့ကျင့်စဉ်တွေသာမက အခြားသော ပညာရပ်တွေ၊ လေ့ကျင့်စဉ်တွေကိုလဲ ငါးရက်လုပ် တစ်ရက်နားပြီးတော့ ကျင့်ပါလို့ ပြောပါရစေ။ လက်သီးထိုး၊ ခြေကန်ချက်တွေ ပြင်းအောင်ကျင့်တော့ တစ်နေ့မှာ ဘယ်ဆယ်ကြိမ်၊ ညာဆယ်ကြိမ်ပဲ လုပ်ရတာဆိုတော့ အားမရဘူးပေါ့ဗျာ၊ အချိန်ကလဲ ကြာတာကိုး။ အဲဒီတော့ ဆရာမသိအောင် အိမ်ရောက်ရင် ထပ်လုပ်တာပေါ့။ ဖြစ်ချင်ဇောနဲ့ အားကိုလဲ အကုန်ထည့်လုပ်တာပေါ့။ နောက်ဆုံးရလဒ်ကတော့ ဒဏ်ဖြစ်တာပါပဲ။

– အဲဒါကြောင့် မိတ်ဆွေတို့ အထက်ဖော်ပြပါ လက်သီးထိုး၊ ခြေကန်နည်းတွေ ကျင့်တော့မယ်ဆို စစချင်း ဆယ်ကြိမ်သာ လုပ်ပါ၊ ငါးရက်လုပ် တစ်ရက်နားပြီး ပြန်လုပ်တဲ့အခါ ငါးကြိမ်စီ တိုးသွားပါ။ နောက်ဆုံး ဘယ်၊ ညာနှစ်ဖက်ပေါင်း အကြိမ်ရေ(၁၀၀)စီ လုပ်နိုင်ပြီဆို ထပ်မတိုးပါနဲ့တော့။


– အားလုံးသောမိတ်ဆွေများ ကျွန်တော်တိုက်ခိုက်ရေးပညာတွေထဲမှာ ဆရာနဲ့အသေအချာလေ့ကျင့် တာ မြန်မာ့လက်ဝှေ့ပညာ ပဲ ရှိပါတယ်။ ဒီပညာကို သင်ပေးသူ၊ နောက်ပြီး တခြားသော တိုက်ခိုက်ရေး ပညာအမျိုးအစားများအား ရှင်းလင်းသင်ကြားပေးခဲ့တဲ့ ကျွန်တော့်ဆရာနာမည်က ဦးအောင်ဝင်း ပါ။ ပွင့်ဖြူမြို့ က ဖြစ်ပါတယ်။ သိုင်းပညာနဲ့ ပတ်သက်ပြီး စာအုပ်များ၊ သူ့ရဲ့လက်ရေးနဲ့ မှတ်ထားတဲ့ နည်းစနစ်များအား ကျွန်တော့်အား အကုန်ပေးခဲ့တာပါ။

– ဗန်တိုပညာ ကိုတော့ မင်းဘူးမြို့၊ မြန်မာ့လက်ရုံးတံခွန် သိုင်းသင်တန်းမှာ သူငယ်ချင်းသုံးယောက်နဲ့ အတူ သင်ကြားခဲ့ဖူးပါတယ်။ အခြေခံခြေကွက်နဲ့ ဓါးမြှောင်သမားကို ခုခံတိုက်ခိုက်နည်း၊ အခြေခံတုတ်သိုင်းတို့အထိပဲ သင်ကြားခဲ့ရပါတယ်…

– ဆရာဦးအောင်ဝင်း က လက်ဝှေ့ပညာ နဲ့ အထက်ဖော်ပြပါ ကျင့်စဉ်တွေကို သင်ကြားပေးခဲ့ပြီး၊ ကျွန်တော့် သူငယ်ချင်းရဲ့ အဖိုး က မိုးကြိုးလက်သီး(၁၆)ချက် ဆိုတဲ့ လက်သီးထိုးနည်း၊ ဝက်အူရစ် လက်သီးထိုးနည်း၊ နှစ်ဆင့်ထိုးနည်း တို့ကို သင်ကြားပေးခဲ့ပါတယ်။ ငယ်တုန်းက သင်ခဲ့ရတာဆိုတော့ မိုးကြိုးလက်သီး(၁၆)ချက် ကို လေ့ကျင့်ခဲ့ပေမယ့် သဘောမပေါက်ခဲ့ဘူး။ ဆရာကြီးဦးစင်ချိုင် ကိုလဲ နာမည်သာသိပြီး ကျန်တဲ့အကြောင်း မသိခဲ့ရပါဘူး။ နောက်မှ ဟင်္သာတလျှပ်စစ် က ဆရာဦးကြည်ဝင်း ရဲ့ ဆောင်းပါးတွေကြောင့် သဘောပေါက်ခဲ့ရတာပါ။ နောက်များမှ ဗန်တိုလက်သိုင်းလေ့ကျင့်စဉ် နဲ့ ဗန်းမော်ကွန်ဖူးပညာစဉ် က လျှပ်စစ်လက်သီး တို့ကို ထပ်တင်ပေးပါဦးမယ်ဗျာ။

ဆက်ပါဦးမည်…


မြန့်မာ့ရိုးရာလက်ဝှေ့ပညာကျင့်စဉ်များ -၂-

ဗန်တို တိုက်ခိုက်ရုန်းထွက်နည်းများ – ၂

By Ko Si Thu

နောက်မှ ဟန့်တား၍ တိုက်ခိုက်ရန် ဆောင့်ဆွဲခြင်းခံရလျှင်

Bando Arm-Locks 2.1

Bando Arm-Locks 2.1

ရုတ်တရက် အလစ်ဝင်တိုက်ခိုက်ခြင်းမျိုး မဟုတ်ဘဲ ရှောင်ထွက်လာစဉ် နောက်မှ လိုက်၍ တိုက်ခိုက်ရန် ပြင်ဆင်မှု (ဥပမာ –  ပြဿနာ တစုံတခုကြောင့် စကားများနေရာမှ သင်သည် ရန်မဖြစ်လို၍ (ဝါ) တိုက်ခိုက်ရန် ဆန္ဒမရှိသဖြင့် လှည့်ထွက်လာစဉ် တစ်ဖက်လူမှ သင့်အား နောက်မှ ပုခုံးကို ဆောင့်ဆွဲကာ ထိုးကြိတ်မည့် အနေထားမျိုးတွင် ရှိနေသည် ဆိုပါစို့)

သင့်အား ဆွဲလိုက်သော သူ၏လက်ကို ဖမ်းကိုင်၍ ပုံပါအတိုင်း ကိုယ်ကို သူ၏ လက်အောက်မှ လျှိုပြီးနောက်ဖက်သို့ ရုတ်တရက် တစ်ပါတ်လှည့်လိုက်ပါ။

Bando Arm-Locks 2.2

Bando Arm-Locks 2.2

Bando Arm-Locks 2.3

Bando Arm-Locks 2.3

Bando Arm-Locks 2.4

Bando Arm-Locks 2.4

Bando Arm-Locks 2.5

Bando Arm-Locks 2.5

*** အထူးပြုလုပ်ရန်မှာ***
လျင်မြန်မှုနှင့် သတိရှိရန်လိုသည်။
ဖမ်းကိုင်ထားသောလက်သည် မြဲမြံရမည်။
ကိုယ့်ဟန်ချက်ကိုယ် ထိန်းထားရမည်။
ဘယ်၊ ညာ ပြောင်း၍ လေ့ကျင့်ထားပါ။

***သက်ရောက်မှု***
လက်ကောက်ဝတ် အဆစ်ပြုတ်သွားနိုင်သည်။
တံတောင်ဆစ် လွဲသွားနိုင်သည်။
လက်ပြင်အရွတ် ကွာသွားနိုင်သည်။

မှတ်ချက် – ပုံသေနည်း မဟုတ်ပါ။ နည်းလမ်းတစ်ခုသာ ဖြစ်ပါသည်။ ကြုံတွေ့လာသော အခြေနေနှင့် လိုက်လျောညီထွေ အသုံးပြုနိုင်ရန် သာ ရည်ရွယ်ပါသည်။

ဗန်တို တိုက်ခိုက်ရုန်းထွက်နည်းများ – ၁

By Ko Si Thu

ဗန်တို မှ မူပြောင်းဆင့်ပွားထားတဲ့ နည်းသစ်တစ်မျိုးပါ။ ရှင်းလင်းလွယ်ကူစေရန် ကိုယ်ပိုင်ဟန်ဖြင့် တင်ပြထားပါတယ်။ လက်သီးထိုး ခုခံခြင်းသာမက လက်နက်ဖြင့် တိုက်ခိုက်လာသူအား တစ်ကွက်တည်းနဲ့ အကျချနိုင်သော နည်းလမ်းကောင်းတစ်ခုပါ။

Bando Arm-Locks

Bando Arm-Locks 1.1

တစ်ဖက်မှ တိုက်ခိုက်လာသူရဲ့ အရှိန်ကို ရုတ်ချည်း တုံ့ဆိုင်းသွားစေရန်နှင့် လွန်လာသော အရှိန်ကို အလိုက်သင့် ပဲ့ကိုင်ပေးနိုင်ရန် ဟန်ချက်ထိန်းခြင်း လျင်မြန်ခြင်း သေချာပိုင်နိုင်မှုရှိခြင်းသာ လိုပါသည်။ အင်အားမလိုပဲ ရန်သူကို လဲပြိုသွားစေနိုင်လိမ့်မည်။

Bando Arm-Locks

Bando Arm-Locks 1.2

မှတ်ချက်။ ။ တစ်ဖက်လူ လက်မောင်းဆစ် ပြုတ်သွားနိုင်သည်။ ပခုံးရိုး ကျိုးနိုင်သည်။ လည်ပင်းအဆစ်များ ပြုတ်ထွက်နိုင်ပါသည်။ ထို့ကြောင့် လေ့ကျင့်ရာတွင် အထူးဂရုပြုသင့်ပါကြောင်း။

သမိုင်းထဲက အမေ့လျော့ခံ အားကစား (သို့မဟုတ်) ဗန်တို

“မြန်မာ့သိုင်းပညာ သင်တန်းကျောင်း” ဆိုတဲ့ ဆိုင်းဘုတ်က ယိုင်နဲ့နေသလို ကျောင်းဝင်းထဲ မှာလည်း မြက်တွေက ခြေသလုံးမြုပ်မတတ်ရှည်လို့တောင် နေပါပြီ။ ရေညှိတွေဖုံးနေလို့ သိုင်းကသလို ဟန်ချက်ထိန်းပြီး လျှောက်နေရတယ်။

အားကစားဝန်ကြီးဌာန လက်အောက်မှာ ရှိပေမယ့် ပုဂ္ဂလိကသူဌေးတဦး တည်ထောင်ထားတဲ့ ဒီကျောင်းရဲ့ ကျောင်းအုပ်က အသက် ၇၅ နှစ်အရွယ်  ဦးအောင်ဌေးပါ။

Myanmar Thaing Federation

Myanmar Thaing Federation

“ဖက်ဆစ်ကို တော်လှန်ခဲ့တာလည်း မြန်မာ့သိုင်းပဲ။ ဗြိတိသျှကို နှင်ထုတ်ခဲ့တာလည်း မြန်မာ့သိုင်းပဲ ဒါပေမယ့် ငါတို့လူမျိုးက ငါတို့သိုင်းကို မေ့ထားတယ်။ ဘာကြောင့်လဲ” လို့ ဆရာကြီးက ပြောရင်း သက်ပြင်းရှည်တချက် ချလိုက်ပါတယ်။

“မြန်မာတွေ အပြစ်တော့ မဟုတ်ဘူး။ မြန်မာ့သိုင်းက နယ်ချဲ့တွေကို အထိနာတဲ့အခါ ခြောက်လက်မ လက်နက်ကိုင်ရင် ပုဒ်မ ဘယ်လောက်၊ ဓါးတွေ၊ လှံတွေကို ပန်းပဲတွေကလုပ်ရင် ပုဒ်မဘယ်လောက်ဆိုပြီးတော့ ဒီပညာကို နှိပ်ကွပ်ပစ်ကြတယ်။ အဲဒီတော့ ငါတို့အဖိုးတွေ၊ အဖွားတွေက ဘာဖြစ်လာလဲ။ သိုင်းပညာသင်ရင် လူဆိုးဖြစ်လိမ့်မယ် မသင်နဲ့။ အဲလိုတွေ ဖြစ်လာကြတယ်။ အဲဒီ ကိုလိုနီအမွေဟာ အခုထိပါလာတုန်းပဲ။ သိုင်းပညာဆိုတာ ဘာသာနဲ့ ယဉ်ကျေးမှုနဲ့ အတူယှဉ်တွဲပြီး ပေါ်ပေါက်လာတဲ့ အမျိုးသားရေးပညာကွ” လို့ ဆက်ပြောပါတယ်။

ဒဂုံမြို့သစ်မြောက်ပိုင်း ၁ဝ ရပ်ကွက် ကန်သာယာလမ်းမှာရှိတဲ့ သိုင်းသင်တန်းကျောင်းမှာ ပုံမှန်သင်ချိန်နဲ့ သင်တန်းသားရယ်လို့မရှိဘဲ တက္ကသိုလ်တွေ၊ ကျောင်းတွေကနေ တခါတရံလာတတ်သူတွေကို သင်ပေးရတာပါ။ ကျောင်းက အဓိက သင်ပေးတာက စွမ်းရည်မြှင့်တင်ပေးတာဖြစ်ပါတယ်။ ကျောင်းအတွက် ငွေထောက်ပံ့တာ ကတော့ ရွှေတောင်ကုမ္ပဏီပိုင်ရှင် ဦးအောင်ဇော်နိုင် ဖြစ်ပါတယ်။

မြန်မာ့မြေပေါ်မှာ ဆယ်စုနှစ်လေးခုအကျော်မှာ တကျော့ပြန် ပြန်မြင်ရမယ့် နိုင်ငံတကာပြိုင်ပွဲကြီးဖြစ်တဲ့ ၂ဝ၁၃ ခုနှစ် အာဆီယံဆီးဂိမ်းပြိုင်ပွဲမှာ ဗန်တိုနဲ့ အချက်အလက်ချင်း အတော်လေး ဆင်တူတဲ့ ဗီယက်နမ် ဗီုဗီနမ်ကို လက်ခံထည့်သွင်းထားတာ တွေ့ရပါတယ်။

မြန်မာ့သိုင်းပညာ အခြေခံခြောက်မျိုးဖြစ်တဲ့ ဗန်တို၊ ဗန်ရှည်၊ လက်ဝှေ့၊ လက်ပွေ့၊ လက်ပမ်း၊ နပမ်းဆိုပြီး ရှိပါတယ်။

ဗန်တိုဆိုတာကတော့ လက်နက်မဲ့ တိုက်ခိုက်နည်း။ ဗန်ရှည်ဆိုတာကတော့ လက်နက်နဲ့ တိုက်ခိုက်နည်း။ လက်ဝှေ့ ဆိုတာကတော့ အမာခံတိုက်တဲ့စနစ်။ နပမ်းဆိုတာက အားချင်းပြိုင်တဲ့ပွဲ။ လက်ပွေ့ဆိုတာကတော့ ချုပ်ကိုင်မှုကို အသားပေးတဲ့ ပွဲတွေပါ။ လက်ပမ်းဆိုတာကတော့ အားချင်းပြိုင်ပြီးလုံးချိန်မှာ ဖြည်ရတဲ့နည်းလို့ ဆိုပါတယ်။ လက်ဝှေ့ကတော့ လူသိအများဆုံးပါ။ ဒါပေမယ့် ရုပ်ရှင်မင်းသား ညွန့်ဝင်းတို့ ခေတ်ကတည်းက “ဗန်တိုလူလေး” ဆိုတဲ့ဇာတ်ကားဟာ အောင်မြင်လူကြိုက်များ ခဲ့တဲ့ ရုပ်ရှင်ကားတကားဖြစ်ပါတယ်။

ဒါတောင်မှ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်မလာခဲ့တာ။ ရိုးရာအားကစားတစ်ခုအနေနဲ့ မအောင်မမြင် ဖြစ်ခဲ့တာ ဘာကြောင့်လဲ။

ဗန်တိုသိုင်းပညာဆိုတာနဲ့ ပါတ်သက်ပြီး အသက် ၂၀ ကျော်အရွယ် လူငယ် ခုနှစ်ဦးကို မဇ္ဈိမက မေးမြန်းကြည့်တဲ့နေရာမှာ အားလုံးက တစ်ညီတစ်ညွတ်တည်း ဖြေကြပါတယ်။ “ကြားတော့ ကြားဖူးတယ်၊ တစ်ခါမှ မမြင်ဖူးဘူး” တဲ့။

“ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ဗန်တိုလူလေးနှင့် သူဇာ ဆိုတဲ့ဇာတ်ကား ကြည့်ဖူးတယ်။ အဲဒီအထဲက ညွန့်ဝင်း သိုင်းချတာတွေ့တော့ အော် ဗန်တိုဆိုတာ ဒီလိုပါလားလို့ သိတယ်။ အဲဒီနောက် ဗန်တိုဆိုတာနဲ့ ပါတ်သက်ပြီး ဘာဆို ဘာမှ မသိရတော့ဘူး” လို့ အသက် ၂၈ နှစ်အရွယ် ကိုထွန်းနိုင်က ပြောပါတယ်။

အမေရိကန်၊ ပြင်သစ်၊ ဆွစ်ဇာလန်နဲ့ အင်္ဂလန်လို နိုင်ငံမျိုးတွေမှာတော့ ဗန်တို (Bando) ကစားနည်းကို လေ့လာသူများ ရှိသလို နိုင်ငံတကာ ဗန်တိုသိုင်းအဖွဲ့ချုပ်ဆိုပြီး ဆွစ်ဇာလန်နိုင်ငံမှာတောင် ရှိတယ်လို့ ဦးအောင်ဌေးက ပြောပါတယ်။

“ဗန်တိုကို အပျော့နဲ့ အမာဆိုပြီး နှစ်မျိုးခွဲထားတာတော့ ကြားဖူးတယ်။ အပျော့ဗန်တိုဆိုတာ ကိုယ့်ကိုကိုယ် အထိမခံပဲ ရှောင်တိမ်းပြီး တုန့်ပြန်တဲ့နည်း။ အမာဗန်တိုကိုတော့ အခုခေတ်မှာလက်ဝှေ့ လို့ခေါ်တယ်ဆိုတာ။ အဲဒါကတော့ အကွဲအပြဲ မတွန့်မဆုတ်ပဲ ရင်ဆိုင်ပြီး ခံနိုင်ရည်ရှိတဲ့သူက နိုင်တာပဲ။” လို့ အသက် ၂၉  နှစ်အရွယ် ကိုကျော်မျိုးက ပြောရင်း သူကိုယ်တိုင် ဗန်တိုသိုင်းကို တတ်ကျွမ်းလို့မဟုတ်ဘဲ သ့ူအဘိုးပြောခဲ့ဖူးတာကို ပြန်လည်ဖောက်သည်ချတာ လို့ ဆိုပါတယ်။

ဦးအောင်ဌေးက ဗန်တိုရဲ့ မူလအဓိပ္ပာယ်ဟာ “မိမိကိုယ်ကို ကျင့်ကြံအားထုတ်ခြင်း” လို့ ဆိုပါတယ်။

“ခုခေတ်လူငယ်တွေက ကျန်ကျောင်း (တရုတ်သိုင်းကားထဲမှ မင်းသားအမည်) ဆိုရင်သာ သိကြတယ်။ မြန်မာ့သိုင်း ဆိုရင်တော့ မသိကြတော့ဘူးကွ။ ခေတ်ရဲ့ရေစီးကြောင်း၊ ရုပ်သံမီဒီယာတွေရဲ့ ရေစီးကြောင်းတွေကြားမှာ မြန်မာ့သိုင်းက ညှပ်ပြီးကျန်ခဲ့တာပဲ။ မြန်မာတွေ တရုတ်ကား၊ ကိုရီးယားကားတွေ ကြည့်တယ်။ အဲဒီအထဲက ရှောင်လင်တွေ ကွန်ဖူးတွေသိတယ်။ ဒါပေမယ့် မြန်မာကားကြည့်ရင် မြန်မာတွေ ဘာသိုင်းနဲ့ ချနေလဲဆိုတာ မသိဘူး။ တရုတ်မှာဆိုရင် ရုပ်ရှင်လောကထဲကိုဝင်ဖို့ ကွန်ဖူးနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်လက်မှတ်တစ်စောင်တော့ လိုတယ်လို့ ကြားဖူးတယ်။ ဒီလိုပဲ သူ့လူမျိုးအလိုက် သူတို့ရဲ့ ရိုးရာဓလေ့တွေကို ထိန်းသိမ်းကြရတာပဲ။ ငါတို့မြန်မာပြည်မှာတော့ အဲဒါအားနည်းနေတယ်” လို့ ဦးအောင်ဌေး က ပြောပါတယ်။

ဗီယက်နမ်စစ်ပွဲဖြစ်နေခိုက် ရန်ကုန်မြို့မှာ အရှေ့တောင်အာရှ ကျွန်းဆွယ်ပွဲကို ၁၉၆၉  ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ကျင်းပခဲ့ဖူးပါတယ်။ ရန်ကုန်တက္ကသိုလ် (လှိုင်) ဝင်းထဲက အဆောက်အဦ အဲဒီနောက်ပိုင်းတော့ ငွေကြေးအကုန်အကျ မတတ်နိုင်လို့ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပဖို့ ငြင်းနေခဲ့ရတာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ အရှေ့တောင်အာရှပြိုင်ပွဲများ သို့မဟုတ် ဆီးဂိမ်းလို့ လူသိများတဲ့ SEA Games အဖြစ် ပြောင်းလဲခဲ့ပါတယ်။ အထီးကျန်ဆန်နေခဲ့တဲ့ မူဝါဒကို စွန့်လွှတ်ကြောင်း ပြသတဲ့အနေနဲ့  အစိုးရဟာ ဘတ်ဂျတ် အခက်ခဲရှိနေတဲ့ ကြားက ၂၀၁၃ ခုနှစ်မှာတော့ ဆီးဂိမ်းကို လက်ခံကျင်းပဖို့ ဆုံးဖြတ်ထားပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ငွေဆောင်တို့မှာ ပြိုင်ပွဲများ လုပ်သွားဖို့ ပြင်ထားပါတယ်။

လက်တွေ့မှာတော့ ဗန်တိုဆိုတာ နောက်ကျကျန်ခဲ့ပါပြီ။ ၂၇ ကြိမ်မြောက်ဆီးဂိမ်းမှာ ယှဉ်ပြိုင်ချင်ရင် ၂၆ ကြိမ်မြောက် ဆီးဂိမ်းမှာ တင်ပြရမှာ ဖြစ်ပါတယ်။ ၂၆ ကြိမ်မြောက်ဆီးဂိမ်းမှာ မတင်ပြခဲ့တဲ့အတွက် လာမယ့် ဆီးဂိမ်းပြိုင်ပွဲမှာ ဒီကစားနည်းကို ချန်ခဲ့ရတော့မှာ ဖြစ်ပါတယ်။

အမေ့ခံ ဗန်တိုသိုင်းပြိုင်ပွဲကို ဆီးဂိမ်းပြိုင်ပွဲတခုခုမှာ ပါလာနိုင်အောင် ကြိုဆိုနေတယ်လို့ ဦးဌေးအောင်က ပြောပါတယ်။ သူမှန်းတာကတော့ ၂၀၁၅ ခုနှစ်မှာလုပ်မယ့် ပြိုင်ပွဲပေါ့။


သိုင်းသင်တန်းနှင့် ပတ်သက်သော သတင်းများ အသေးစိတ် သိရှိလိုပါက
မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်၊ (၁၀) ရပ်ကွက်၊ မောင်းမကန်ကန်သာယာလမ်း၊
ဒဂုံမြို့သစ် (မြောက်ပိုင်း) ရန်ကုန်။
ဖုန်း- ၀၁-၅၈၀၇၁၂၊ ၀၁-၅၈၄၃၅၃
Email: mtfthaing66@gmail.com သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။


အထက်ဖော်ပြပါ ဆောင်းပါးကို  မဇ္ဈိမ မှ ကူးယူဖော်ပြခြင်း ဖြစ်ပါကြောင်း…

ဆောင်းပါးကို eBook အနေနဲ့ ယူချင်တယ်ဆိုရင် ဒီနေရာမှာ download ယူနိုင်ပါတယ်တင်ဗျာ။