ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်က သိုင်းပြောင်းပြန်သင်တန်း

(ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ်(၈၀)ပြည့် ပတ္တမြားရတုအထိမ်းအမှတ် ဒသမအကြိမ်မြောက် နှစ် လည်မဂ္ဂဇင်း ၂၀၀၄-၂၀၀၅ ခုနှစ်တွင် ဆရာကြီးဦးတင်မြင့်ရေးသားခဲ့သော သိုင်းပြောင်းပြန်နဲ့ ပတ်သက်တဲ့ ဆောင်းပါးလေးတစ်ပုဒ်ဖြစ်ပါတယ်။ ယခုဆောင်းပါးကို Thaing Byaung Byan FB Account မှ ကူးယူဖော်ပြတာဖြစ်ပါတယ်ခင်ဗျာ။)

Yae Sin University Thaing Byaung Byan

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်က သိုင်းပြောင်းပြန် (ဦးတင်မြင့်)

Download (File Size – 218 KB)

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ကြီးဟာ ယခုဆိုလျှင် နှစ်ရှစ်ဆယ် ပြည့်သို့တိုင်ခဲ့ပါပြီ။ ကျူရှင်ယူစရာ မလိုတဲ့ တက္ကသိုလ်၊ ဆရာဆရာမများနဲ့ ကျောင်းသားကျောင်းသူများရဲ့ မိဘနဲ့ သားသမီးလို နွေးထွေးစွာ ဆက်ဆံမှု၊ ဆရာဆရာမများ၊ အရာထမ်း အမှုထမ်းဝန်ထမ်း အပေါင်းတို့ဟာလည်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ် စတာတွေနဲ့ အဂတိလိုက်စားမှု ကင်းရှင်းစွာ ရောင့်ရဲ တင်းတိမ်နေထိုင် ပျော်မွေ့နိုင်ကြပုံ၊ ပညာသင်ကြားမှုမှာလည်း မဟာသိပ္ပံဘွဲ့၊ ပါရဂူဘွဲ့တွေအထိ သင်ကြားပေးနေပုံ၊ ကျောင်းသားကျောင်းသူတွေအတွက် ကာယဉာဏ ဘက်စုံဖွံ့ဖြိုးတိုးတက်စေဖို့ အားကစားပြိုင်ပွဲတွေ၊ ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ နံရံကပ်စာစောင်နဲ့ စာပေဟောပြောပွဲတွေ ပန်းချီသင်တန်းတွေစတဲ့ တက္ကသိုလ်ကြီးရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဟာ ဂုဏ်ယူထိုက်စရာတွေ ပါပဲ။ ကျောင်းသားကျောင်းသူတွေ စာသင်ချိန်အပ ကျောင်းဆင်းချိန်မှာ ကိုယ်ဝါသနာပါရာ အားကစားတစ်ခုခုကို လေ့လာလိုက်စား လေ့ကျင့်သင်ယူလိုပါသလား။ အားလုံးဟာ အဆင်သင့်ပါပဲ။ အားကစားရုံထဲမှာ အလေးတွေမ၊ ခေတ်မီစက်တွေနဲ့ လေ့ကျင့်နေသူတွေ၊ ကြက်တောင်ရိုက်၊ စားပွဲတင်တင်းနစ်၊ ပင်ပေါင်ကစားသူတွေ၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘောကစားသူတွေ၊ ဘတ်စကက်ဘော ကစားနေသူတွေ၊ ဘောလုံးလေ့ကျင့်ရေးကွင်းမှာ ဘောလုံးကစားနေသူတွေ၊ အားကစားကွင်းကြီးရဲ့ ပြေးလမ်းပေါ်မှာ အပြေးလေ့ကျင့်နေသူတွေ၊ အားပါးတရ ရှိလှပါတယ်။ အဲ…ဘောလုံးလေ့ကျင့်ရေးကွင်းရဲ့ အရှေ့ဘက်၊ ပြည်သူ့ဆေးရုံရဲ့ တောင်ဘက် စိုက်ပျိုးရေးတက္ကသိုလ် ရဲ့ ဥယျာဉ်ထဲမှာတော့ ဝါသနာရှင်ကျောင်းသားတွေ ကျွန်တော့်ရဲ့ သိုင်းပြောင်းပြန်ပညာ ကို မြတ်မြတ်နိုးနိုးနဲ့ သင်ကြားလေ့ကျင့်နေတာကို တွေ့နိုင်ပါတယ်။ သိုင်းပြောင်းပြန်ပညာကို ဝါသနာကြီးခဲ့တဲ့ ကျွန်တော်ဟာ ကျွန်တော်လို ဝါသနာတူရာ ကျောင်းသား ကျောင်းသူတွေကို သင်ကြားပြသပေးရတော့ ပင်ပန်းမှုတွေကို ပျော်ရွှင်စွာနဲ့ ကျော်ဖြတ်လာခဲ့တာ (၂၁)နှစ် ကျော်လာခဲ့ပါပြီ။ ဒီသက်တမ်းအတွင်းမှာ အားကစားနှင့် ကာယပညာကော်မတီမှ ကြီးမှူးကျင်းပပေးခဲ့တဲ့ သိုင်းပြောင်းပြန် စွမ်းရည်ပြပွဲ သုံးကြိမ်ပြသခဲ့ဖူးပါတယ်။ သင်တန်းသားပေါင်းများစွာကိုလည်း သင်ကြားလေ့ကျင့်ပေးနိုင် ခဲ့ပါတယ်။ ဆရာဖြစ်အထိ သင်ကြားအောင်မြင်ခဲ့ကြတဲ့ သိုင်းပြောင်းပြန်သမား လေးယောက် ကတော့ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသားများဖြစ်ခဲ့ကြတဲ့ ကိုကျော်ဆောင်း၊ ကိုဌေးရှိန်၊ ကိုစိုးမြင့်နဲ့ ကိုဟန်ဖြိုးအောင်တို့ ဖြစ်ပါတယ်။ သူတို့လို အလားအလာကောင်းတဲ့ သင်တန်းသားတွေလည်း အများအပြားရှိပါတယ်။ ဒီသင်တန်းမှာ စိုက်ပျိုးရေး တက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ သစ်တောတက္ကသိုလ်အပြင် ဆရာဆရာမများ ဝန်ထမ်းမိသားစုများရဲ့ သားသမီးများ၊ ရေဆင်းအခြေခံအထက်တန်းကျောင်း မှ ကျောင်းသားငယ်များလည်း ပါဝင်ပါတယ်။

၁၉၈၃ ခုနှစ်ကစပြီး သင်တန်းဖွင့်ဖြစ်ခဲ့တဲ့အကြောင်းကတော့ ဒီလိုပါ။ ၁၉၈၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကျွန်တော့်ဇနီး ဒေါ်သောင်းကြည်၊ ကထိက၊ စိုက်ပျိုးရေးရုက္ခဗေဒဌာနရှိရာ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်သို့ မန္တလေးကနေ အပြီးတိုင် ပြောင်းရွှေ့လာခဲ့ပါတယ်။ ကျွန်တော့်ကို သိုင်းပြောင်းပြန်ဆရာမှန်းသိတဲ့ ပထမနှစ်ကျောင်းသား မောင်ကျော်ဆောင်းကို သိုင်းပြောင်းပြန်ပညာ စတင်သင်ကြားပေးပါတယ်။ တစ်ဦးတည်းသော သင်တန်းသား မောင်ကျော်ဆောင်းအား သင်ကြားပြသလေ့ကျင့်နေပုံတွေကို ကွယ်လွန်သွားရှာပြီးဖြစ်တဲ့ ဆရာဦးဘွန်ချိန်းက လာရောက်ကြည့်ရှုလေ့လာပါတယ်။ သူကိုယ်တိုင်သင်ကြားလိုပေမယ့် ကျန်းမာရေးအခြေအနေအရ သင်ကြားခွင့် မရခဲ့ရှာပါဘူး။ တနေ့မှာတော့ အဲဒီအချိန်က အားကစားနဲ့ ကာယပညာ ကော်မတီဥက္ကဌ ပါမောက္ခဆရာကြီးဒေါက်တာတိုးလှိုင်ကို ခေါ်လာပြီး ကျွန်တော်နဲ့ တွေ့ပေးပါတယ်။ ဆရာကြီးက စိတ်ပါဝင်စားတဲ့ကျောင်းသားကျောင်းသူတွေ သိုင်းပြောင်းပြန်ပညာကို လေ့လာသင်ယူဖို့ စာသင်ချိန်အပ ကျောင်းအားချိန်မှာ ကျောင်းသားကျောင်းသူများ စိတ်လေလွင့်မှုမရှိအောင် အကျင့်စာရိတ္တပျက်စီးစေမည့် အပြုအမှုမျိုးတွေ မပြုလုပ်မိစေရန်အတွက် တစ်ဖက်တစ်လမ်းက တားဆီးကာကွယ်တဲ့အနေနဲ့ သိုင်းသင်တန်းဖွင့်ပေးပါလို့ တောင်းဆိုပါတယ်။ ကျွန်တော် လည်း ခေတ်ပညာတတ် သိုင်းသမားကောင်းတွေ ပေါ်ထွန်းလာစေဖို့ မျှော်လင့်ချက်နဲ့ ဆရာကြီး ရဲ့တောင်းဆိုချက်ကို သဘောတူလက်ခံလိုက်ပါတယ်။ ၁၉၈၃-ခုနှစ် ဇန်နဝါရီလထဲမှာပဲ သင်တန်းစဖွင့်ခဲ့တာ ယနေ့အချိန်ထိပါပဲ။

သိုင်းပြောင်းပြန်မှာ လက်သိုင်း၊ တုတ်သိုင်း၊ ဓားသိုင်း သုံးဘာသာရှိပါတယ်။ သုံးဘာသာစလုံးကို သင်ရိုးညွန်းတမ်းအတိုင်း သင်ရိုးသင်လက်နဲ့ နည်းစနစ်တကျ အခြေခံကစပြီး သင်ကြားပေးပါတယ်။ အခြေခံပိုင်နိုင်ပြီး တုတ်၊ ဓား လက်နက်တွေကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်အသုံးပြုလာနိုင်ပြီဆိုမှ ပညာအဆင့်ကို တဖြည်းဖြည်းမြှင့်ပေးတဲ့နည်းနဲ့ သင်ကြားပေးပါတယ်။ သင်တန်းကို ကလပ်ပုံစံနဲ့ အမြဲတမ်းဖွင့်လှစ်ထားတော့ သင်တန်းအချိန်အတွင်းမှာ သင်တန်းသား အသစ်အဟောင်းများ မပြတ်လေ့ကျင့်နေကြပါတယ်။ ကလပ်ပုံစံဖြစ်ပေမယ့် လစဉ်ကြေးတို့ ဝင်ကြေးတို့ ဆိုတာတွေ မရှိပါဘူး။ အဆင့်ကြေးဆိုတာပဲရှိပါတယ်။ အဆင့်တစ်ဆင့်ကို ငွေကျပ်နှစ်ထောင်ပဲ သတ်မှတ်ထားပါတယ်။ မပေးနိုင်လည်း နားလည်ပြီး သင်ပေးတာပါပဲ။ ငွေကြေးအရကတော့ ရှင်းပါတယ်။ ပညာကို လိုချင်စိတ်ရှိပြီး ကြိုးစားသူတွေဆိုရင် ကျွန်တော်ကိုက အခမဲ့အလကား သင်ပေးချင်နေတတ်တာပါ။ အဆင့် တစ်ဆင့်ကို နှစ်နှစ်သုံးနှစ် လေ့ကျင့်ကြသူတွေလည်း ရှိပါတယ်။ သိုင်းပြောင်းပြန်ရဲ့ နည်းစနစ်တွေ မူတွေ၊ ဟန်တွေ၊ မာန်တွေကို ပိုပြီး ကြေညက်တတ်ကျွမ်းတာပေါ့။

ဒီကနေ့ခေတ်မှာ တိုင်းတပါးက တိုက်ခိုက်မှု အတတ်ပညာတွေ ကြီးစိုးနေပါတယ်။ ကျွန်တော်တို့ မြန်မာလူငယ်တွေ တိုင်းတပါးကလာတဲ့ သိုင်းပညာတွေကို မထိတွေ့၊ မလေ့လာ၊ မသင်ကြားသင့်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ထိတွေ့လေ့လာ သင်ယူခွင့်ရှိပါတယ်။ သူ့အားနည်းချက် ကိုယ့်အားနည်းချက်၊ သူ့အားသာချက်၊ ကိုယ့်အားသာချက်တွေကို သိရတာပေါ့။ အမြင်ကျယ်ကျယ်နဲ့ဖွင့်ပြီး လေ့လာဖို့ကောင်းပါတယ်။ ဒါပေမယ့် အသိတစ်ခု သတိတစ်ခုတော့ရှိဖို့ လိုအပ်ပါတယ်။ အဲဒါက လွန်ကဲစွာ အထင်မကြီးဖို့နဲ့ သတိရှိမှာက သူတို့နိုင်ငံတွေမှာမှ ဒီအတတ်ပညာတွေ ရှိတာမဟုတ်ပါဘူး။ ငါတို့နိုင်ငံမှာလည်း သိုင်းဆိုတဲ့ အတတ်ပညာရှိတယ်ဆိုတဲ့ သတိပါပဲ။

သိုင်းပညာဆိုတာ မြန်မာတစ်မျိုးသားလုံးပိုင်ဆိုင်တဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ် ဖြစ်ပါတယ်။ ဂုဏ်သိက္ခာနဲ့ အစဉ်အလာကြီးမားပါတယ်။ မြန်မာ့သမိုင်းမှာ လက်စွမ်း၊ တုတ်စွမ်း၊ ဓားစွမ်း၊ လှံစွမ်း ပြခဲ့ကြတဲ့ သူရဲကောင်းတွေ အများကြီးရှိပါတယ်။ ဒီကနေ့ခေတ်မှာလည်း တစ်ကယ်လေ့ကျင့်ရင် တစ်ကယ်တတ် တစ်ကယ်စွမ်းပါတယ်။ အဲ-ခုနှစ်ရက် တစ်ဝိုင်းသိုင်းသင်ပြီး ကိုယ့်ကိုယ်ကို သိုင်းတတ်ပြီလို့ ထင်မှတ်နေရင်တော့ မိုက်မဲရာ ကျမှာပါပဲ။ တကယ် သိုင်းတတ်ချင်ရင် နှစ်နဲ့ချီပြီး အချိန်ပေးလေ့ကျင့်ရမှာပါ။ မတောက်တခေါက်သင်၊ မတောက်တခေါက်ကျင့်ရင်တော့ မတောက်တခေါက်သိုင်းသမားပဲ ဖြစ်မှာပါ။ အဲဒီရလဒ်က သိုင်းပညာအပေါ် အထင်သေးမှု ဖြစ်လာမှာ မလွဲပါဘူး။ ဒါကြောင့် သင်တန်းသားတွေကို မတောက်တခေါက်သိုင်းသမား မဖြစ်အောင်၊ စာရိတ္တမခိုင်မာတဲ့ လူရမ်းကားသိုင်းသမား မဖြစ်အောင် အမြဲသွန်သင်ဆုံးမပါတယ်။ အမြဲတမ်းလေ့ကျင့်နေနိုင်အောင်လည်း ကလပ်ပုံစံနဲ့ သင်တန်းကို အမြဲတမ်းဖွင့်လှစ်ထားပါတယ်။ ဒီနည်းဟာ တိုးတက်မှု အရှိဆုံးပါ။တကယ်တော် တကယ်တတ်တဲ့ သိုင်းသမားကောင်းတွေ အများကြီး မွေးထုတ်ပေးနိုင်ပါတယ်။ သိုင်းဆရာ တစ်ယောက်မှာ တာဝန်တွေအများကြီးရှိပါတယ်။ ငါဟာသိုင်းဆရာဆိုပြီး လှုပ်ရှားမှုမရှိဘဲ ထိုင်နေလို့ မရပါဘူး။ မြန်မာ့ရိုးရာ အမွေအနှစ်ဖြစ်တဲ့ သိုင်းပညာကိုဖြန့်ဖြူးသင်ကြားနေရပါမယ်။ ရှိပြီးသား ပညာတွေကို ကောင်းသ ထက်ကောင်းအောင် လေ့ကျင့်ပွားများနေရမယ်။ သိပ္ပံနည်းကျ ချဉ်းကပ်လေ့လာရမယ်။ အရာရာကို ခွဲခြမ်းစိတ်ဖြာတတ်ရမယ်။ ငွေကြေးနဲ့ပတ်သက်တဲ့ အောင်မြင်မှုကို ရှောင်ရမယ်။ သိက္ခာရှိရမယ်။ လူမှုရေးနဲ့ပတ်သက်တဲ့ မာန်မာန ကင်းရမယ်။ ပညာကို ခုတုံးလုပ်ပြီး နိုင်ထက်စီးနင်း လုပ်မှုမျိုး ကင်းရမယ် စတဲ့တာဝန်တွေ လိုက်နာစရာတွေ ကျင့်ကြံနေထိုင်စရာတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ရဲ့ သိုင်းပညာဟာ ဂုဏ်သိက္ခာရှိစွာ တိုးတက်ပြန့်ပွားနေအောင် ကြိုးစားနေပါမှ အမျိုးသားရေး တာဝန်ကျေပွန်တဲ့ သိုင်းဆရာတစ်ယောက်ဖြစ်မှာပေါ့။

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်တဲ့ သိုင်းပညာဟာ ထိန်းသိမ်းလေ့လာလိုက်စားမယ့်သူမရှိရင် တဖြည်းဖြည်း တိမ်မြုပ်ပျောက်ကွယ်သွားမယ်ဆိုရင် မြန်မာတမျိုးသားလုံးအတွက် အလွန်ကြီးမားတဲ့ ဆုံးရှုံးမှုကြီးအဖြစ် သတိပြုသင့်ပါတယ်။ အဲဒီလို မဖြစ်ရအောင် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်ကြီးနဲ့ သိုင်းဆရာတိုင်းမှာ တာဝန်ရှိပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့်သက်တမ်းအတွင်းမှာ အရည်အချင်းရှိတဲ့ သိုင်းသမားတွေကို အဆက်မပြတ် မွေးထုတ်ပေးရင်း အမျိုးသားရေး တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်သွားဖို့ ဆုံးဖြတ်ချက် ချပြီးသားပါ။ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှာ သိုင်းပြောင်းပြန်သင်တန်းကို ဖွင့်လှစ်သင်ကြားပေးနေတာ အနှစ်နှစ်ဆယ်ကျော်ပါပြီ။ သင်တန်းသားအဟောင်းတွေကိုတော့ မမှတ်မိတော့တာ များပါတယ်။ တခါတလေ ပြန်လည်တွေ့ရတတ်ပါတယ်။ နှစ်တွေကြာညောင်းတော့ သူတို့ ရုပ်ရည်တွေဟာလည်း ရင့်ကျက်တည်ငြိမ်ပြီး ရာထူးအဆင့်အသီးသီးနဲ့ တိုင်းပြည်တာဝန် ထမ်းဆောင်နေကြတာကို ဂုဏ်ယူစရာတွေ့ရပါတယ်။ သူတို့ဟာ ကျောင်းသားလူငယ်ဘဝက ကျွန်တော့်သင်တန်းမှာ တက်ရောက်သင်ကြား လေ့ကျင့်ခဲ့ကြတဲ့ သင်တန်းသားတွေဆိုပြီး ကြည်နူးဝမ်းသာရပါတယ်။ ဒီလိုပါပဲ သိုင်းပညာကို စိတ်ဝင်စားကြတယ်ဆိုရင် ကလေးငယ်လေးတွေကအစ စိတ်ရှည်ရှည်နဲ့ သင်ပေးပါတယ်။ ကျွန်တော့်မှာ ထူးချွန်ထက်မြက်တဲ့ သိုင်းသမားကောင်းလေးတွေ ပေါ်ထွန်းလာဖို့ ဆိုတဲ့ မျှော်လင့်ချက်တစ်ခုပဲ ရှိပါတယ်။

သင်တန်းသားနှစ်ဆယ်သုံးဆယ်ကို အပင်ပန်းခံသင်ပေးရပေမယ့် အဲဒီထဲကတစ်ယောက် သိုင်းပညာကို စွဲစွဲမြဲမြဲနဲ့ လေ့လာလိုက်စားလာပြီဆိုရင် ကျွန်တော့်အတွက် အမြတ်ပါ။ အပင်းပန်းခံရကျိုးနပ်တယ်လို့ တွက်ထားပါတယ်။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်က ဘွဲ့ရသွားပြီးဖြစ်တဲ့ မောင်ဟန်ဖြိုးအောင်ဟာ ကလေးဘဝကတည်းက ကျွန်တော်လေ့ကျင့် ပျိုးထောင်သင်ကြားပေးခဲ့တဲ့ ထူးချွန်ထက်မြက်တဲ့ သိုင်းသမားတစ်ယောက်ပါပဲ။ အခုဘွဲ့လည်း ရသွားပါပြီ။ သိုင်းဆရာအဖြစ်လည်း အောင်မြင်သွားပါပြီ။ စာပေသင်ကြားရတဲ့ ကျောင်းဆရာတွေ မှာ စေတနာ၊ ဝါသနာ၊ အနစ်နာအပြင် အသားပါ အနာခံရပါတယ်။ ချုပ်ပုံချုပ်နည်း ချိုးပုံချိုးနည်းတွေကို သင်ရတဲ့အခါ ကျွန်တော်ကိုယ်တိုင် အချုပ်ခံအချိုးခံပြီး သင်ပေးရပါတယ်။ တချို့အတိုင်းအဆမသိ လုပ်လိုက်ရင် ကျွန်တော့်မှာ တစ်ပတ်လောက်အထိ နာတတ်ပါတယ်။ တကယ်နာလာမှ သူတို့ချိုးတဲ့ ချုပ်တဲ့နည်းစနစ် မှန်ပါတယ်။ မနာသေးရင် မမှန်သေးပါဘူး။

အခါအခွင့်သင့်လို့ ရှင်းပြရအုံးမယ်။ သိုင်းပြောင်းပြန်ဆိုတဲ့ အခေါ်အဝေါ်နဲ့ ပတ်သက်လို့ တချို့က ဘယ်လိုနားလည်ရမှန်းမသိ ဖြစ်နေပါတယ်။ တကယ်တော့ သိုင်းပြောင်းပြန်ဆိုတာ ရှမ်းသိုင်းပါ။ ရှမ်းဘာသာနဲ့ ခူးကာချန့် လို့ ခေါ်ပါတယ်။ ခူးကာ ဆိုတာ သိုင်း၊ ချန့် ဆိုတာ ပြောင်းပြန်၊ တိုက်ရိုက်ဘာသာပြန်လိုက်တော့ သိုင်းပြောင်းပြန်ပေါ့။ ရှမ်းပြည်နယ်မှာကို တတ်တဲ့သူ အလွန်ရှားပါတယ်။ တချိန်က စော်ဘွားကြီးများရဲ့ သက်တော်စောင့်တွေ လူယုံတော်တွေမှ တတ်ကြပါတယ်။ အင်္ဂလိပ်အစိုးရလက်ထက်မှာ စော်ဘွားကြီးတစ်ပါးရဲ့ သက်တော်စောင့် ဆရာချယ်ကြီးဟာ လုပ်ငန်းခွင်မှာ မပျော်ပိုက်တော့တာကြောင့် သူ့သခင်မသိအောင် တိတ်တဆိတ်ထွက်ခွာလာခဲ့ပြီး တွံတေးနယ် တောကြီးတန်းမှာရှိတဲ့ ဇောတိကုန်းရွာသားဖြစ်ကြတဲ့ ဦးဘိုးလုံ၊ ဦးသောမ၊ ဦးမောင်လေးတို့ သုံးဦးသားကို သိုင်းပြောင်းပြန်ပညာများ သင်ကြားပေးခဲ့ပါတယ်။  ဆရာကြီးဦးမောင်လေးကမှတစ်ဆင့် တပြည်လုံးကို သိုင်းပြောင်းပြန်ပညာများ ဖြန့်ေ၀ သင်ကြားပေးမှုကြောင့် မြန်မာနိုင်ငံမှာ သိုင်းပြောင်းပြန်ပညာဟာ ဂုဏ်သိက္ခာရှိစွာ ထီးထီးမားမား ဝံ့ဝံ့ထည်ထည် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါဟာ သိုင်းပြောင်းပြန်ရဲ့အကြောင်းအကြမ်းဖျင်း ပြောပြ တာပါ။ နောက်တော့မှ အသေးစိတ်ရေးပါဦးမယ်။

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှာ သိုင်းပြောင်းပြန်သင်တန်း ဖွင့်လှစ်သင်ကြားနေတော့ စိုက်ပျိုးရေး တက္ကသိုလ်ကျောင်းသား၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ကျောင်းသား၊ သစ်တော တက္ကသိုလ်ကျောင်းသားတွေ လာရောက်လေ့လာ သင်ကြားကြတော့ ကျွန်တော့်မှာ စိတ်အေးချမ်းသာနဲ့ ပညာကုန် မချွင်းမချန် သင်ကြားပြသပေးလို့ ရပါတယ်။ အကြောင်းကတော့ သူတို့ စာရိတ္တပိုင်းကို ကျွန်တော် ယုံကြည်တယ်။ တက္ကသိုလ်ကျောင်းသား ပညာတတ်လူငယ်တွေဖြစ်တဲ့ အတွက် အမှားအမှန်ကို ကောင်းကောင်းခွဲခြားနိုင်တဲ့ ဉာဏ်ရည်မြင့်သူတွေဖြစ်တယ်။ နောင် အနာဂါတ် မြန်မာနိုင်ငံရဲ့ အင်အားသစ်သားကောင်းရတနာ ပညာတတ်လူငယ်လေးတွေကို ကျွန်တော်တတ်ကျွမ်းတဲ့ သိုင်းပညာအမွေပေးရတဲ့အတွက် အလွန်ပဲ ကြည်နူးပီတိဖြစ်ရပါတယ်။ သူတို့တစ်တွေဟာ နောင်တချိန်မှာ မြန်မာပြည်အနှံ့ မြို့ပြကျေးလက်တောရွာနဲ့ တောကြိုအုံကြား မကျန် နိုင်ငံတော်က ပေးအပ်တဲ့ တာဝန်တွေကို ဖြန့်ကျက်သွားရောက် ထမ်းဆောင်ကြရမှာပါ။ အဲဒီလို တာဝန်ထမ်းဆောင်ရတဲ့အခါ လူဆိုးသူခိုး မသမာသူတွေနှောင့်ယှက်ဖျက်ဆီး အန္တရာယ်ပြု တိုက်ခိုက်လာခဲ့ရင် ရင်ဆိုင်နိုင်ဖို့အတွက် သိုင်းပြောင်းပြန်ဆိုတဲ့ အဖေါ်ကောင်းဟာ သူတို့နဲ့အတူ ရှိနေပါပြီ။ သိုင်းပြောင်းပြန်သင်တန်းဟာ နိုင်ငံ သားကောင်းရတနာတွေ ဆုံးရှုံးနစ်နာမှုမရှိအောင် တစ်ဖက်တစ်လမ်းက ကာကွယ်ပေးရာလည်း ရောက်ပါတယ်။ မြန်မာရိုးရာယဉ်ကျေးမှု အမွေအနှစ် သိုင်းပညာကို အမွေအဖြစ် ဖြန့်ဝေပေးရင်း အမျိုးသားရေးတာဝန်နဲ့ နိုင်ငံတာဝန်ကိုလည်း ထမ်းဆောင် ရာ ရောက်ပါတယ်။ လူငယ်မောင်မယ်များရဲ့ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလအင်အားများကို ဖြည့်ဆည်းပေးရာလည်း ရောက်ပါတယ်။ သိုင်းကစားခြင်းဖြင့် ဇာတိသွေး ဇာတိမာန်နဲ့ မျိုုးချစ်စိတ်ဓာတ်ရှင်သန်စေပြီး မြန်မာမှုကို မြတ်နိုးလာစေရန် လေ့ကျင့်ပျိုးထောင်ပေးရာ လည်း ရောက်ပါတယ်။

ဒီနေရာမှာ ကျွန်တော့်အပေါ် အမြင်မကြည်တာ တစ်ခုရှိနိုင်ပါတယ်။ ကျွန်တော်ဟာ သင်တန်းကြေးနဲ့ စီးပွားရေးလုပ်စားနေတယ်လို့ ထင်နိုင်ပါတယ်။ တကယ်တော့ ၁၉၈၃-ခုနှစ်က စဖွင့်ခဲ့တဲ့ သိုင်းပြောင်းပြန် သင်တန်းဟာ ၁၉၉၃ ခုနှစ်အထိ သင်တန်းကြေး လုံး၀ မပေးရပါဘူး။ အခမဲ့ သင်ကြားပေးတဲ့အပြင် သင်တန်းသုံး ကိရိယာတွေဖြစ်တဲ့ တုတ်တို့၊ ဓားတို့ကို ကျွန်တော်ကပဲ စိုက်ထုတ်ဝယ်ယူပေးခဲ့တာပါ။ ၁၉၉၃ ခုနှစ်နောက်ပိုင်းမှာ သင်တန်းသားတွေက သင်တန်းကြေး ၁၅၀ ကျပ် သတ်မှတ် အချင်းချင်းကောက်ခံ စုဆောင်းပြီး ကျွန်တော့်ကို လာရောက် ကန်တော့ကြပါတယ်။ ကျွန်တော်လည်း ခေတ်ကာလ အခြေအနေ စားဝတ်နေရေးအခြေအနေအရ လက်ခံလိုက်ပါတယ်။ အဲဒီလိုနဲ့ တရွေ့ရွေ့ပြောင်းလဲ သတ်မှတ်လာလိုက်ကြတာ ဒီကနေ့ သင်တန်းကြေးဟာ ပထမအဆင့် နှစ်ထောင်၊ ဒုတိယအဆင့် နှစ်ထောင်၊ တတိယအဆင့်နှစ်ထောင်ဆိုတာလည်း သင်တန်းသားတွေက သတ်မှတ်ပေးကြတာပါ။ ကျွန်တော့်ဘက်ကတော့ သင်တန်းကြေးပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ မခွဲခြားဘဲ သင်ပြပေးနေတာပါပဲ။ သင်တန်းကြေး မပေးနိုင်သူတွေလည်း ရှိကြတာပါပဲ။ ရှိလည်း မငြိုငြင်တဲ့အပြင် သူတို့ကို အားမငယ်စေဖို့တောင် အားပေးပါသေးတယ်။ တစ်ခု သတိရရမှာက မြန်မာနိုင်ငံမှာ သိုင်းပညာနဲ့ စီးပွားရှာလို့ မရပါဘူး။ စားဝတ်နေရေးနဲ့ ဘဝရပ်တည်မှုကိုတောင် အာမခံချက် မပေးနိုင်ပါဘူး။ အလွန်အင်မတန်နည်းပါးတဲ့ ငွေကြေးတစ်ချို့ကိုတော့ ရနိုင်ပါတယ်။ ကျွန်တော်နဲ့ အတူတူဆရာဖြစ်ရထားကြတဲ့ သိုင်းဆရာတွေ ဒီကနေ့ အဆင့်တစ်ဆင့်ကို ငွေ ၅၀၀၀ နဲ့ သင်ပေးနေကြပေမယ့် သူတို့ စီးပွားရေးဟာ တိုးတက်မလာပါဘူး။ အမြင်ရှင်းစေချင်တာက ကျွန်တော်ဟာ သိုင်းပြောင်းပြန်သင်တန်းနဲ့ ပတ်သက်ပြီး လူမှုရေးမျှော်လင့်ချက် လုံးဝမထားပါဘူး။ စီးပွားရေး မျှော်လင့်ချက် လုံးဝမထားပါဘူးဆိုတာပဲ။ ဒါ ကျွန်တော့် သဘောထားအမှန်ကို အရိုးသားဆုံး တင်ပြတာပါ။ သိုင်းသင်တန်းနဲ့ ပတ်သက်လို့ကတော့ ကိုယ့်တာဝန် ကိုယ်ထမ်းဆောင်နေတယ်လို့ပဲ ခံယူထားပါတယ်။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှာ ကျွန်တော်ဖွင့်လှစ်သင်ကြားပြသပေးနေတဲ့ သိုင်းပြောင်းပြန်သင်တန်းရဲ့ သက်တမ်းဟာ နှစ်ဆယ့်နှစ်နှစ်ထဲ ရောက်နေပါပြီ။ ဒီသက်တမ်းအတွင်း မှာ ငွေကြေးအရှုပ်အရှင်း၊ လူမှုရေး အရှုပ်အရှင်း ဘာတစ်ခုမှ မရှိခဲ့ပါဘူး။ သင်တန်းသားတွေ ဟာလည်း ပျော်ရွှင်စွာနဲ့ လေ့ကျင့်သင်ကြားနေကြတာပါပဲ။ ဒီအစဉ်အလာကောင်းတွေကို ဆက်လက် ထိန်းသိမ်းသွားရမှာ အမှန်ပါပဲ။

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ကြီးဟာ နှစ်(၈၀)ပြည့် ပတ္တမြားရတုသဘင်ကို ဆင်နွှဲခဲ့ပါပြီ။ သက်တမ်း ရင့်ကျက်လာတာနဲ့အမျှ တည်ငြိမ်တဲ့ ဂုဏ်သိက္ခာနဲ့ အမြဲနုပျို လန်းဆန်းတိုးတက်နေမယ့် တက္ကသိုလ်ကြီးပါ။ အလေ့အကျင့်ကောင်းတွေ အစဉ်အလာကောင်းတွေနဲ့ နိုင်ငံတော်အတွက် ခေတ်မီ တိုးတက်တဲ့ အရည်အချင်းပြည့် စိုက်ပျိုးရေးပညာရှင်ပေါင်းများစွာကို မွေးထုတ်ပေးနေတဲ့ တက္ကသိုလ်ကြီးပါ။ မြန်မာနိုင်ငံအတွက် မရှိမဖြစ် အလွန်လိုအပ်တဲ့ အားထားဂုဏ်ယူစရာ ဖြစ်တဲ့ တက္ကသိုလ်ကြီးပါ။ ဒီလို ဂုဏ်အင်္ဂါတွေနဲ့ ပြည့်စုံထုံမွှန်းနေတဲ့ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှာ ကျွန်တော့်အနေဖြင့် ကျောင်းသားကျောင်းသူများရဲ့ ငြိမ်းချမ်းစွာ ပညာသင်ကြားရေးအတွက် တစ်စိတ်တစ်ပိုင်းက အထောက်အကူပြုနိုင်မယ့် သိုင်းပြောင်းပြန် သင်တန်းဖွင့်လှစ်ခွင့်ရတဲ့ အတွက်လည်း များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ဦးတင်မြင့် (သိုင်းပြောင်းပြန်)

ဆရာကြီးဦးတင်မြင့်နဲ့ ဆက်သွယ်ချင်တယ်ဆိုရင်တော့
လက်ရှိမှာ ဆရာကြီးဟာ နေပြည်တော် ဘူတာကြီးရှေ့နားမှာ နေပါတယ်။
ဦးတင်မြင့် + Dr. သောင်းကြည် (စိုက်ပျိုးတက္ကသိုလ်) လို့ မေးရင်ရပါတယ်။

ယခုဖော်ပြပါ ဆောင်းပါကို ebook အနေနဲ့ download ရယူချင်တယ်ဆိုရင်တော့ ဒီမှာယူပါ ခင်ဗျာ။

အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။