By Ko Soe Gyi
ဗန်တိုလက်သိုင်းအမာပိုင်းကျင့်စဉ်
ပထမအဆင့်
– သစ်သားမောင်းဆုံ (သို့) အဝကျယ်သံပုံးထဲတွင် ပထမအဆင့် အနေနှင့် သဲများထည့်၍ လက်ချောင်းများ စုထိုးခြင်း၊ ကားထိုးခြင်း၊ လက်ခေါက်ချွန် (အနုလက်သီး) (လက်သီးဆုပ်၍ လက်ခလယ်ကို အနည်းငယ်ချွန်၍ ရှေ့သို့ထုတ်ထားသည့်လက်သီး) နှင့်ထိုးခြင်း၊ လက်သီးနှင့်ထိုးခြင်း တို့ကို တစ်နေ့လျှင် အချက်(၅၀)စီ ထိုးနှက်လေ့ကျင့်ပေးရမည်။ လက်စုထိုးခြင်း၊ လက်ဖြန့်ထိုးခြင်း၊ လက်ခေါက်ချွန်ထိုးခြင်း၊ လက်သီးထိုးခြင်း တစ်မျိုးလျှင်(၅၀)၊ လေးမျိုးပေါင်းအချက်(၂၀၀)စီ ဖြစ်သည်။ ဤ ပထမအဆင့် ကို သုံးလတိတိ ရက်ပေါင်း(၉၀) နေ့စဉ်မပျက်မကွက် လေ့ကျင့်ရမည်။
– လေ့ကျင့်ပြီးတိုင်း မိမိ၏ဆီးများထည့်ထားသောခွက်ထဲတွင် လက်နှစ်ဖက်ကို နာရီဝက်စိမ်ထားရမည်။ နာရီဝက်စိမ်ပြီးလျှင် အပြင်တွင် နောက်ထပ်နာရီဝက်ထားပြီးမှ လက်ကိုရေဆေးရမည်။ ဆီး (သို့) ကျင်ငယ်ရေနှင့် မစိမ်ချင်လျှင် ဆေးဖက်ဝင်ဆေးမြစ်၊ ဆေးခေါက်၊ ဆေးရွက် များနှင့် ပြုလုပ်ဖော်စပ်ထားသော ဒဏ်ကြေဆေးရည်ကောင်းကောင်းထဲတွင် စိမ်ပါ။
ဒုတိယအဆင့်
– ဒုတိယအဆင့် တွင် ဆန်များကိုထည့်၍ ပထမအဆင့်မှာကဲ့သို့ပင် လက်ချောင်းစုထိုးခြင်း၊ ကားထိုးခြင်း၊ လက်ခေါက်ချွန်၊ လက်သီးဆုပ်တို့နှင့် ထိုးခြင်းတို့ကို တစ်မျိုးလျှင် အကြိမ်(၅၀)စီ ထိုးနှက်လေ့ကျင့်ရမည်။ ဆန်များကို မှုန့်သွားသည်အထိ နေ့စဉ်ရက်ဆက် မပျက်မကွက် ထိုးနှက်လေ့ကျင့်ပေးရမည်။ ဆန်များမှုန့်သွားလျှင် ဆန်အသစ်ထပ်ထည့်၍ မှုန့်သွားသည်အထိ ထပ်မံလေ့ကျင့်ပါ။ ဒုတိယအကြိမ် ထပ်ထည့်သော ဆန်များမှုန့်သွားအောင် ထိုးနှက်လေ့ကျင့်ပြီးပါက ဒုတိယအဆင့် အောင်မြင်ပြီဖြစ်သည်။
တတိယအဆင့်
– နောက်ဆုံးအဆင့်ဖြစ်သော တတိယအဆင့် တွင် ဆန်ကာချထားသော ဆန်စေ့အရွယ် ခန့် ကျောက်စရစ်ခဲ (ကျောက်စရစ်ခဲများကို ဆန်ကာထဲတွင်ထည့်၍ ဆန်စေ့ချသလို ချလိုက်သောအခါ ဆန်ကာအောက်မှကျလာသော ကျောက်စရစ်ခဲအသေးများကို မိမိထည့်မည့် မောင်းဆုံ (သို့) အဝကျယ်သံပုံးထဲတွင် အပြည့်ထည့်ရမည်။ ဤအဆင့်သည် စစချင်းလေ့ကျင့်ရမည့် အတွက် ပြင်ဆင်ရသည်ပင် အလွန်ပင်ပန်းသည်) များကိုထည့်၍ ထိုးနှက်လေ့ကျင့်ခြင်း ကို ပြုလုပ်ရမည်။ ဤအဆင့်ကိုကျင့်ခါစတွင် မိမိ၏ လက်ချောင်း၊ လက်ခေါက်ချွန်၊ လက်သီးတို့နှင့် ထိုးနှက်သောအခါတွင် နာကျင်မှုကို အလွန်ခံစားရမည်။ ထို့ကြောင့် ဤအဆင့်ကို ကျင့်ခါစမှ တစ်လ (ရက်ပေါင်း ၃၀) ထိ၊ ပထမနှင့် ဒုတိယအဆင့် တို့ကဲ့သို့ အားမာန်ဖြင့် မထိုးဘဲ ခံသာရုံသာ အင်အားကို အလျှော့အတင်းပြုလုပ်၍ လေ့ကျင့်ရမည်။ တစ်လပြည့်၍ အသားကျသောအခါမှပင် အင်အားကို တိုး၍တိုး၍ လေ့ကျင့်သွားရမည်။ ဤအဆင့်တွင် လက်ချောင်းစု၊ ကားထိုးခြင်း၊ လက်ခေါက်ချွန်ထိုးခြင်း၊ လက်သီးဆုပ်ထိုးခြင်းတို့ကို ပထမနှင့် ဒုတိယအဆင့် ကဲ့သို့ တစ်ပေါင်းတည်းမလုပ်ရပေ။ လက်ချောင်းပြီးမှ လက်ခေါက်ချွန်၊ လက်ခေါက်ချွန်ပြီးမှ လက်သီး တစ်မျိုးစီသွားရမည် ဖြစ်သည်။
– ဤ တတိယအဆင့် တွင် လက်ချောင်းများနှင့် စုထိုးခြင်း၊ ကားထိုးခြင်းတို့ကို ကျောက်စရစ်များထဲသို့ တစ်မျိုးလျှင် အချက်(၅၀)စီ၊ နှစ်မျိုးပေါင်း အချက်(၁၀၀) နှင့် လက်နှစ်ဖက်ပေါင်း အချက်(၂၀၀) တိတိ လက်ကောက်ဝတ်မြုပ်သည်အထိ ထိုးထည့်နိုင်လျှင် လက်ချောင်းများနှင့် ထိုးနှက်ခြင်း အဆင့် အောင်မြင်ပြီဖြစ်သည်။
– လက်ခေါက်ချွန်နှင့် ထိုးနှက်လေ့ကျင့်သောအခါတွင်လည်း လက်တစ်ဖက်လျှင် အချက်(၅၀) နှင့် လက်နှစ်ဖက်ပေါင်း အချက်(၁၀၀) လက်သီးမြုပ်ဝင်သွားသည်အထိ ထိုးထည့်နိုင်မှ လက်ခေါက်ချွန် (အနုလက်သီး) အဆင့် အောင်မြင်မည်ဖြစ်သည်။
– လက်သီးနှင့်ထိုးနှက် လေ့ကျင့်သောအခါတွင် မိမိ၏ လက်သီးဖြင့် ထိုးလိုက်သည့်အရှိန်ကြောင့် သစ်သားမောင်းဆုံ (သို့) အဝကျယ်သံပုံးထဲတွင်ထည့်ထားသော ကျောက်စရစ်ခဲများ တစ်ဝက်တိတိ အပြင်သို့ စဉ်ထွက်ကုန်သည်အထိ ထိုးနှက်နိုင်မှ အောင်မြင်မည်ဖြစ်သည်။
– ဤကျင့်စဉ်သည် ရှေးမြန်မာတို့၏ အလွန်ပြင်းထန်သော ဗန်တိုလက်သိုင်း အမာပိုင်းကျင့်စဉ် တစ်ခုဖြစ်သည်။ ဇွဲလုံ့လနှင့် အပင်ပန်းခံနိုင်မှုတို့ ကောင်းမှသာ လေ့ကျင့်အောင်မြင်နိုင်မည်ဖြစ်သည်။ အများစုမှာ ဒုတိယအဆင့်တွင် လက်လျှော့သွားကြတာများသည်။ (ကျွန်တော်လည်း အပါအဝင်ပေါ့ဗျာ။)
– အလွန်ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ခိုက်ခြင်းအတတ်ပညာရပ်ကျင့်စဉ်တစ်ခုဖြစ်သည်။ ဤကျင့်စဉ်ကို သုံးဆင့်လုံးအောင်မြင်ပြီးသောသူတစ်ယောက်သည် တစ်ဖက်ရန်သူက မိမိထက် ခွန်အားဗလသာလွန်ကြီးမားသူဖြစ်ပါစေ၊ တစ်ချက်တည်းထိုးနှက်ရုံနှင့် သေသွားစေနိုင်အောင် စွမ်းဆောင်နိုင်သည်။ အဆင့်ကုန်မဆိုထားဘိ ပထမအဆင့်ကို အောင်မြင်အောင် လေ့ကျင့်ထားသော သူသည်ပင် မိမိထက် ခွန်အားဗလသာလွန်သောသူအား တစ်ချက်ဆိုတစ်ချက် အလွန်အထိနာသွားအောင် စွမ်းဆောင်နိုင်ပေသည်။ ထို့ကြောင့် ရှေးခေတ်ဗန်တိုပညာရှင်ကြီးများ သည် တပည့်တိုင်းကို သင်မပေးပဲ သည်းခံစိတ်ရှိပြီး၊ အနစ်နာခံလိုစိတ်ရှိသည့် တပည့်များကို သာ ရွေးချယ်သင်ကြားပေးသည့်ကျင့်စဉ်ဖြစ်သည်။ ဤကျင့်စဉ် အောင်မြင်သွားပြီဆိုလျှင် တိုက်ခိုက်ရေးပညာဘက်၌သာမက ကုသရေးအပိုင်းဖြစ်သည့် အနှိပ်ပညာ၊ အကြောကိုင်ပညာ တို့အတွက်ပါ အလွန်အသုံးဝင်သည့်ကျင့်စဉ်ဖြစ်သည်။
အထူးသတိပြုရန်
– ဤကျင့်စဉ်ကိုလေ့ကျင့်ရာတွင် ပထမ၊ ဒုတိယ၊ တတိယကျင့်စဉ်များကို နေ့စဉ် မပျက်မကွက်လေ့ကျင့်ရမည်။ ရက်မပျက်ရ။ ရက်ပျက်လျှင် အစကနေ ပြန်လေ့ကျင့် ရမည်။ လေ့ကျင့်ပြီးတိုင်း မိမိ၏ ဆီး (သို့) ကျင်ငယ်ရည် (သို့) ဒဏ်ကြေဆေးရည်များထဲတွင် နာရီဝက် – မိနစ်(၃၀)တိတိ စိမ်ပေးရမည်။ စိမ်ပြီးလျှင် အပြင်တွင် နာရီဝက်တိတိ ဘာမှမထိမကိုင်ဘဲ ထပ်ထားပြီးမှ ရေဆေးရမည်။ ကျင့်စဉ်ကိုကျင့်ကြံနေစဉ်အတွင်း အပူ၊ အစပ်ဖြစ်သော အစားအစာများနှင့် ငရုတ်သီးကို လုံးဝမစားရ။ အရက်၊ ဆေးလိပ်၊ ကွမ်း လုံးဝမသောက်ရ၊ မစားရ။ ဤအချက်များကို မလိုက်နာနိုင်လျှင် လုံးဝမကျင့်ပါနှင့်။ မလိုက်နာနိုင်ဘဲ လေ့ကျင့်မိပါက မိမိတွင် ခန္ဓာကိုယ်တွင်း အတွင်းဒဏ် အပြင်းအထန်ဖြစ်၍ မရှုမလှဒုက္ခဖြစ်မည်။
စာကြွင်း – ဤကျင့်စဉ်မှာ ကျွန်တော့်ဆရာသမား ကျွန်တော့်အား ပေးခဲ့သော လက်ရေးမူများထဲမှ နည်းစနစ်တစ်ခုဖြစ်သည်။ ကျွန်တော့်ရဲ့ဆရာသမားကလည်း ဤကျင့်စဉ်ကိုကျင့်မည် ဆိုလျှင် ဖော်ပြထားသည့် လိုက်နာရန်များကို အတိအကျလိုက်နာရန် ထပ်ဆင့် သတိပေးပြောကြားသေးသည်။ ထို့အပြင် အကောင်းဆုံးက မိမိကို ထိန်းသိမ်းနိုင်မည့် ဆရာသမားဖြင့်လေ့ကျင့်တာ အကောင်းဆုံးဟု ပြောကြားခဲ့သည်။ ဤကျင့်စဉ်ကို အစတွင် ကျွန်တော်ပြန်လည်ဖော်ထုတ် ရေးသားပေးရန်မရှိပါ။ သို့သော်လည်း ကိုယ့်လူမျိုး ၏ ရှေးဟောင်းအမွေအနှစ်ပညာတစ်ခုကို ပျောက်ကွယ်သွားမည်စိုးသည့်အတွက် ဝါသနာရှင်၊ ပညာရှင်များလေ့ကျင့်ရန် (သို့) လေ့လာနိုင်ရန်အတွက် ပညာကိုသေရွာမယူစတမ်း ကျွန်တော်လေ့လာစုဆောင်းသမျှထဲက မျှဝေလိုက်ပါသည်။
မြန့်မာ့ရိုးရာလက်ဝှေ့ပညာကျင့်စဉ်များ-၁- နှင့် -၂- တို့ကို စာအုပ်အနေနှင့် ကျကျနန သိမ်းဆည်းလိုသူ၊ ဖတ်ရှုလိုသူများ ဒီမှာ download ဆွဲပြီး ကူးယူနိုင်ပါပြီဗျာ…
ရွှင်လန်းချမ်းမြေ့ကြပါစေ။
Pingback: မြန့်မာ့ရိုးရာလက်ဝှေ့ပညာကျင့်စဉ်များ -၁- | Thaing Wizard
လေးစားပါတယ်ဗျာ။ကျေးဇူးလည်းတင်ပါတယ်။
နိုင်ဦး—-119
ကျေးဇူးအများကြီးတင်ပါတယ်
ကျေးဇူးပါ ထိုက်ချိစာအုပ်လေရှိလဲတင်ပေးပါအုံး ဘယ်လိုလဲဆိုတာသိချင်လိုပါ
ဟုတ်ကဲ့ ထိုက်ကျိစာအုပ်တွေလဲ ရှိပါတယ်။ အမြန်ဆုံး တင်ပေးနိုင်ဖို့ ကြိုးစားပါ့မယ်။ ဒါပေမယ့် နည်းနည်းတော့ စောင့်ဦးဗျာ။ တခြားစာအုပ်တွေ လုပ်နေတုန်းမို့ပါ။
မင်္ဂလာပါ အကို အခုလိုမြန်မာ့ရိုးရာသိုင်းပညာနဲ အခြားကိုယ်လုံပညာတွေကိုမတိမ်ကောအောင် ထိန်းသိမ်းဖော်ထုတ်ပေးနေတဲ့အတွက် အရမ်းကျေးဇူးတင် ပါတယ် အရမ်းလည်းလေးစားပါတယ် အမြဲလည်းအားပေးနေပါမယ်ခင် ဗျ
အားပေးတဲ့အတွက် ကျေးဇူးပါဗျာ။ အသစ်တွေဆက်ပြီး တင်ပေးနိုင်အောင် ကြိုစားပါ့မယ်။
ရိုးရာအ မွေအနှစ်တွေကို ဖြန့် ဝေပေးတဲ့အတွက်ကျေးဇူးပါ
thank u
မြန်မာ့ရိုးရာလက်ဝှေ့ကိုမတိမ်ကောအောင်လက်ဆင့်ကမ်းပေးတဲ့အတွက်လေးစားပါတယ်။