သမိုင်းထဲက အမေ့လျော့ခံ အားကစား (သို့မဟုတ်) ဗန်တို

“မြန်မာ့သိုင်းပညာ သင်တန်းကျောင်း” ဆိုတဲ့ ဆိုင်းဘုတ်က ယိုင်နဲ့နေသလို ကျောင်းဝင်းထဲ မှာလည်း မြက်တွေက ခြေသလုံးမြုပ်မတတ်ရှည်လို့တောင် နေပါပြီ။ ရေညှိတွေဖုံးနေလို့ သိုင်းကသလို ဟန်ချက်ထိန်းပြီး လျှောက်နေရတယ်။

အားကစားဝန်ကြီးဌာန လက်အောက်မှာ ရှိပေမယ့် ပုဂ္ဂလိကသူဌေးတဦး တည်ထောင်ထားတဲ့ ဒီကျောင်းရဲ့ ကျောင်းအုပ်က အသက် ၇၅ နှစ်အရွယ်  ဦးအောင်ဌေးပါ။

Myanmar Thaing Federation

Myanmar Thaing Federation

“ဖက်ဆစ်ကို တော်လှန်ခဲ့တာလည်း မြန်မာ့သိုင်းပဲ။ ဗြိတိသျှကို နှင်ထုတ်ခဲ့တာလည်း မြန်မာ့သိုင်းပဲ ဒါပေမယ့် ငါတို့လူမျိုးက ငါတို့သိုင်းကို မေ့ထားတယ်။ ဘာကြောင့်လဲ” လို့ ဆရာကြီးက ပြောရင်း သက်ပြင်းရှည်တချက် ချလိုက်ပါတယ်။

“မြန်မာတွေ အပြစ်တော့ မဟုတ်ဘူး။ မြန်မာ့သိုင်းက နယ်ချဲ့တွေကို အထိနာတဲ့အခါ ခြောက်လက်မ လက်နက်ကိုင်ရင် ပုဒ်မ ဘယ်လောက်၊ ဓါးတွေ၊ လှံတွေကို ပန်းပဲတွေကလုပ်ရင် ပုဒ်မဘယ်လောက်ဆိုပြီးတော့ ဒီပညာကို နှိပ်ကွပ်ပစ်ကြတယ်။ အဲဒီတော့ ငါတို့အဖိုးတွေ၊ အဖွားတွေက ဘာဖြစ်လာလဲ။ သိုင်းပညာသင်ရင် လူဆိုးဖြစ်လိမ့်မယ် မသင်နဲ့။ အဲလိုတွေ ဖြစ်လာကြတယ်။ အဲဒီ ကိုလိုနီအမွေဟာ အခုထိပါလာတုန်းပဲ။ သိုင်းပညာဆိုတာ ဘာသာနဲ့ ယဉ်ကျေးမှုနဲ့ အတူယှဉ်တွဲပြီး ပေါ်ပေါက်လာတဲ့ အမျိုးသားရေးပညာကွ” လို့ ဆက်ပြောပါတယ်။

ဒဂုံမြို့သစ်မြောက်ပိုင်း ၁ဝ ရပ်ကွက် ကန်သာယာလမ်းမှာရှိတဲ့ သိုင်းသင်တန်းကျောင်းမှာ ပုံမှန်သင်ချိန်နဲ့ သင်တန်းသားရယ်လို့မရှိဘဲ တက္ကသိုလ်တွေ၊ ကျောင်းတွေကနေ တခါတရံလာတတ်သူတွေကို သင်ပေးရတာပါ။ ကျောင်းက အဓိက သင်ပေးတာက စွမ်းရည်မြှင့်တင်ပေးတာဖြစ်ပါတယ်။ ကျောင်းအတွက် ငွေထောက်ပံ့တာ ကတော့ ရွှေတောင်ကုမ္ပဏီပိုင်ရှင် ဦးအောင်ဇော်နိုင် ဖြစ်ပါတယ်။

မြန်မာ့မြေပေါ်မှာ ဆယ်စုနှစ်လေးခုအကျော်မှာ တကျော့ပြန် ပြန်မြင်ရမယ့် နိုင်ငံတကာပြိုင်ပွဲကြီးဖြစ်တဲ့ ၂ဝ၁၃ ခုနှစ် အာဆီယံဆီးဂိမ်းပြိုင်ပွဲမှာ ဗန်တိုနဲ့ အချက်အလက်ချင်း အတော်လေး ဆင်တူတဲ့ ဗီယက်နမ် ဗီုဗီနမ်ကို လက်ခံထည့်သွင်းထားတာ တွေ့ရပါတယ်။

မြန်မာ့သိုင်းပညာ အခြေခံခြောက်မျိုးဖြစ်တဲ့ ဗန်တို၊ ဗန်ရှည်၊ လက်ဝှေ့၊ လက်ပွေ့၊ လက်ပမ်း၊ နပမ်းဆိုပြီး ရှိပါတယ်။

ဗန်တိုဆိုတာကတော့ လက်နက်မဲ့ တိုက်ခိုက်နည်း။ ဗန်ရှည်ဆိုတာကတော့ လက်နက်နဲ့ တိုက်ခိုက်နည်း။ လက်ဝှေ့ ဆိုတာကတော့ အမာခံတိုက်တဲ့စနစ်။ နပမ်းဆိုတာက အားချင်းပြိုင်တဲ့ပွဲ။ လက်ပွေ့ဆိုတာကတော့ ချုပ်ကိုင်မှုကို အသားပေးတဲ့ ပွဲတွေပါ။ လက်ပမ်းဆိုတာကတော့ အားချင်းပြိုင်ပြီးလုံးချိန်မှာ ဖြည်ရတဲ့နည်းလို့ ဆိုပါတယ်။ လက်ဝှေ့ကတော့ လူသိအများဆုံးပါ။ ဒါပေမယ့် ရုပ်ရှင်မင်းသား ညွန့်ဝင်းတို့ ခေတ်ကတည်းက “ဗန်တိုလူလေး” ဆိုတဲ့ဇာတ်ကားဟာ အောင်မြင်လူကြိုက်များ ခဲ့တဲ့ ရုပ်ရှင်ကားတကားဖြစ်ပါတယ်။

ဒါတောင်မှ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်မလာခဲ့တာ။ ရိုးရာအားကစားတစ်ခုအနေနဲ့ မအောင်မမြင် ဖြစ်ခဲ့တာ ဘာကြောင့်လဲ။

ဗန်တိုသိုင်းပညာဆိုတာနဲ့ ပါတ်သက်ပြီး အသက် ၂၀ ကျော်အရွယ် လူငယ် ခုနှစ်ဦးကို မဇ္ဈိမက မေးမြန်းကြည့်တဲ့နေရာမှာ အားလုံးက တစ်ညီတစ်ညွတ်တည်း ဖြေကြပါတယ်။ “ကြားတော့ ကြားဖူးတယ်၊ တစ်ခါမှ မမြင်ဖူးဘူး” တဲ့။

“ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ဗန်တိုလူလေးနှင့် သူဇာ ဆိုတဲ့ဇာတ်ကား ကြည့်ဖူးတယ်။ အဲဒီအထဲက ညွန့်ဝင်း သိုင်းချတာတွေ့တော့ အော် ဗန်တိုဆိုတာ ဒီလိုပါလားလို့ သိတယ်။ အဲဒီနောက် ဗန်တိုဆိုတာနဲ့ ပါတ်သက်ပြီး ဘာဆို ဘာမှ မသိရတော့ဘူး” လို့ အသက် ၂၈ နှစ်အရွယ် ကိုထွန်းနိုင်က ပြောပါတယ်။

အမေရိကန်၊ ပြင်သစ်၊ ဆွစ်ဇာလန်နဲ့ အင်္ဂလန်လို နိုင်ငံမျိုးတွေမှာတော့ ဗန်တို (Bando) ကစားနည်းကို လေ့လာသူများ ရှိသလို နိုင်ငံတကာ ဗန်တိုသိုင်းအဖွဲ့ချုပ်ဆိုပြီး ဆွစ်ဇာလန်နိုင်ငံမှာတောင် ရှိတယ်လို့ ဦးအောင်ဌေးက ပြောပါတယ်။

“ဗန်တိုကို အပျော့နဲ့ အမာဆိုပြီး နှစ်မျိုးခွဲထားတာတော့ ကြားဖူးတယ်။ အပျော့ဗန်တိုဆိုတာ ကိုယ့်ကိုကိုယ် အထိမခံပဲ ရှောင်တိမ်းပြီး တုန့်ပြန်တဲ့နည်း။ အမာဗန်တိုကိုတော့ အခုခေတ်မှာလက်ဝှေ့ လို့ခေါ်တယ်ဆိုတာ။ အဲဒါကတော့ အကွဲအပြဲ မတွန့်မဆုတ်ပဲ ရင်ဆိုင်ပြီး ခံနိုင်ရည်ရှိတဲ့သူက နိုင်တာပဲ။” လို့ အသက် ၂၉  နှစ်အရွယ် ကိုကျော်မျိုးက ပြောရင်း သူကိုယ်တိုင် ဗန်တိုသိုင်းကို တတ်ကျွမ်းလို့မဟုတ်ဘဲ သ့ူအဘိုးပြောခဲ့ဖူးတာကို ပြန်လည်ဖောက်သည်ချတာ လို့ ဆိုပါတယ်။

ဦးအောင်ဌေးက ဗန်တိုရဲ့ မူလအဓိပ္ပာယ်ဟာ “မိမိကိုယ်ကို ကျင့်ကြံအားထုတ်ခြင်း” လို့ ဆိုပါတယ်။

“ခုခေတ်လူငယ်တွေက ကျန်ကျောင်း (တရုတ်သိုင်းကားထဲမှ မင်းသားအမည်) ဆိုရင်သာ သိကြတယ်။ မြန်မာ့သိုင်း ဆိုရင်တော့ မသိကြတော့ဘူးကွ။ ခေတ်ရဲ့ရေစီးကြောင်း၊ ရုပ်သံမီဒီယာတွေရဲ့ ရေစီးကြောင်းတွေကြားမှာ မြန်မာ့သိုင်းက ညှပ်ပြီးကျန်ခဲ့တာပဲ။ မြန်မာတွေ တရုတ်ကား၊ ကိုရီးယားကားတွေ ကြည့်တယ်။ အဲဒီအထဲက ရှောင်လင်တွေ ကွန်ဖူးတွေသိတယ်။ ဒါပေမယ့် မြန်မာကားကြည့်ရင် မြန်မာတွေ ဘာသိုင်းနဲ့ ချနေလဲဆိုတာ မသိဘူး။ တရုတ်မှာဆိုရင် ရုပ်ရှင်လောကထဲကိုဝင်ဖို့ ကွန်ဖူးနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်လက်မှတ်တစ်စောင်တော့ လိုတယ်လို့ ကြားဖူးတယ်။ ဒီလိုပဲ သူ့လူမျိုးအလိုက် သူတို့ရဲ့ ရိုးရာဓလေ့တွေကို ထိန်းသိမ်းကြရတာပဲ။ ငါတို့မြန်မာပြည်မှာတော့ အဲဒါအားနည်းနေတယ်” လို့ ဦးအောင်ဌေး က ပြောပါတယ်။

ဗီယက်နမ်စစ်ပွဲဖြစ်နေခိုက် ရန်ကုန်မြို့မှာ အရှေ့တောင်အာရှ ကျွန်းဆွယ်ပွဲကို ၁၉၆၉  ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ကျင်းပခဲ့ဖူးပါတယ်။ ရန်ကုန်တက္ကသိုလ် (လှိုင်) ဝင်းထဲက အဆောက်အဦ အဲဒီနောက်ပိုင်းတော့ ငွေကြေးအကုန်အကျ မတတ်နိုင်လို့ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပဖို့ ငြင်းနေခဲ့ရတာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ အရှေ့တောင်အာရှပြိုင်ပွဲများ သို့မဟုတ် ဆီးဂိမ်းလို့ လူသိများတဲ့ SEA Games အဖြစ် ပြောင်းလဲခဲ့ပါတယ်။ အထီးကျန်ဆန်နေခဲ့တဲ့ မူဝါဒကို စွန့်လွှတ်ကြောင်း ပြသတဲ့အနေနဲ့  အစိုးရဟာ ဘတ်ဂျတ် အခက်ခဲရှိနေတဲ့ ကြားက ၂၀၁၃ ခုနှစ်မှာတော့ ဆီးဂိမ်းကို လက်ခံကျင်းပဖို့ ဆုံးဖြတ်ထားပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ငွေဆောင်တို့မှာ ပြိုင်ပွဲများ လုပ်သွားဖို့ ပြင်ထားပါတယ်။

လက်တွေ့မှာတော့ ဗန်တိုဆိုတာ နောက်ကျကျန်ခဲ့ပါပြီ။ ၂၇ ကြိမ်မြောက်ဆီးဂိမ်းမှာ ယှဉ်ပြိုင်ချင်ရင် ၂၆ ကြိမ်မြောက် ဆီးဂိမ်းမှာ တင်ပြရမှာ ဖြစ်ပါတယ်။ ၂၆ ကြိမ်မြောက်ဆီးဂိမ်းမှာ မတင်ပြခဲ့တဲ့အတွက် လာမယ့် ဆီးဂိမ်းပြိုင်ပွဲမှာ ဒီကစားနည်းကို ချန်ခဲ့ရတော့မှာ ဖြစ်ပါတယ်။

အမေ့ခံ ဗန်တိုသိုင်းပြိုင်ပွဲကို ဆီးဂိမ်းပြိုင်ပွဲတခုခုမှာ ပါလာနိုင်အောင် ကြိုဆိုနေတယ်လို့ ဦးဌေးအောင်က ပြောပါတယ်။ သူမှန်းတာကတော့ ၂၀၁၅ ခုနှစ်မှာလုပ်မယ့် ပြိုင်ပွဲပေါ့။


သိုင်းသင်တန်းနှင့် ပတ်သက်သော သတင်းများ အသေးစိတ် သိရှိလိုပါက
မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်၊ (၁၀) ရပ်ကွက်၊ မောင်းမကန်ကန်သာယာလမ်း၊
ဒဂုံမြို့သစ် (မြောက်ပိုင်း) ရန်ကုန်။
ဖုန်း- ၀၁-၅၈၀၇၁၂၊ ၀၁-၅၈၄၃၅၃
Email: mtfthaing66@gmail.com သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။


အထက်ဖော်ပြပါ ဆောင်းပါးကို  မဇ္ဈိမ မှ ကူးယူဖော်ပြခြင်း ဖြစ်ပါကြောင်း…

ဆောင်းပါးကို eBook အနေနဲ့ ယူချင်တယ်ဆိုရင် ဒီနေရာမှာ download ယူနိုင်ပါတယ်တင်ဗျာ။

2 thoughts on “သမိုင်းထဲက အမေ့လျော့ခံ အားကစား (သို့မဟုတ်) ဗန်တို

  1. Pingback: Myanmar Thaing Ancient Martial Arts Video | Thaing Wizard

  2. Pingback: Page Layout ပြင်ထားသော စာအုပ်များနှင့် ဆောင်းပါးများ | Thaing Wizard

Leave a Reply

Your email address will not be published.